Home သတင်း စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဆင့်ဆင့်‌သော‌ခေါင်း‌ဆောင်များ နိုးနိုးကြားကြားရှိရန် KNU ဥက္ကဋ္ဌ သတိ‌ပေး

စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဆင့်ဆင့်‌သော‌ခေါင်း‌ဆောင်များ နိုးနိုးကြားကြားရှိရန် KNU ဥက္ကဋ္ဌ သတိ‌ပေး

5875

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဆင့်ဆင့်‌သော KNU-ကရင်အမျိုးသား အစည်းအရုံး ‌ခေါင်း‌ဆောင်များအ‌နေဖြင့် နိုးနိုးကြားကြားရှိ‌နေကြရန် KNU ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးမှ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် ကျ‌ရောက်သည့် (၇၄) နှစ်‌မြောက် KNU ‌နေ့အတွက် ‌ပေးပို့‌သော သဝဏ်လွှာ၌ သတိ‌ပေး ‌ပြောဆို ထားသည်။

၎င်းစစ်တပ်၏ လုပ်‌ဆောင်မှုများသည် ဒီမိုက‌ရေစီကျင့်စဉ်များနှင့် ဖီလာဆန့်ကျင်‌နေ‌သော‌ကြောင့် KNU အ‌နေဖြင့် လက်မ ခံနိုင်ဘဲ ပြည်‌ထောင်စုကြီး၏ တည်ငြိမ်‌အေးချမ်းမှုကို ထိခိုက်‌စေနိုင်သလို ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှုဖြစ်စဉ်ကိုပါ ထိခိုက်လာနိုင်‌သော‌ကြောင့် နိုးနိုးကြားကြားရှိကြရန် သတိ‌ပေး‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ မိမိတို့ KNU မှ အ‌ကောင်အထည်‌ဖော်‌ဆောင်‌နေ‌သော ပြည်တွင်းငြိမ်းချမ်းမှု တည်‌ဆောက်‌ရေး နှင့်နိုင်ငံ‌ရေးအရ ‌ဖြေရှင်း‌ရေးနည်းလမ်းများကိုလည်း ထိခိုက်လာနိုင်ပါသည်။ ထို့‌ကြောင့် KNU၏ အဆင့်ဆင့်‌သော ‌ခေါင်း‌ဆောင်များနှင့် အဖွဲ့ဝင်များအ‌နေဖြင့် နိုးနိုးကြားကြားရှိ‌နေကြရန် အထူးလိုအပ်ပြီး နိုင်ငံ‌ရေးအရ ‌ပြောင်းလဲ ဖြစ်‌ပေါ်‌နေ‌သော အ‌ခြေအ‌နေများကိုလည်း မျက်‌ခြေမပြတ် နီးနီးကပ်ကပ် ‌လေ့လာ‌စောင့်ကြည့်ကာ နည်းမှန်လမ်းမှန်နဲ့ တုံ့ပြန်နိုင်ရန် အ‌ရေးကြီးပါသည်”ဟု ‌ဖော်ပြ‌ပြောဆိုထားသည်။

ထို့အပြင် အဆိုပါ ဖြစ်ပွားခဲ့သည့် တပ်မ‌တော်၏ အာဏာသိမ်းယူမှုနှင့် ပြည်သူလူထု၏ ဆန္ဒနှင့်‌ရွေး‌ကောက် တင်‌မြောက် ထား‌သော အဆင့်မြင့်‌ခေါင်း‌ဆောင်ကြီးများကို ဖမ်းဆီးထိန်းသိမ်းမှုသည်လည်း ဥပ‌ဒေ နှင့် ဆန့်ကျင်‌သော လုပ်‌ဆောင်မှု များလည်းဖြစ်‌ကြောင်း ၎င်းသဝဏ်လွှာတွင် ‌ဖော်ပြထားသည်။

ဥပ‌ဒေနှင့်ဆန့်ကျင်‌သော လုပ်‌ဆောင်မှုဆိုသည်မှာ တပ်မ‌တော်၏ ယခုအာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပါ အ‌ရေး‌ပေါ်ကာလ ပြဌာန်းချက်များနှင့် အာဏာကို သိမ်းယူခြင်းဖြစ်‌သော်လည်း ၎င်းပုဒ်မပါ ‌ဖော်ပြချက်များနှင့် လုပ်‌ဆောင်မှုများသည် ကွဲလွဲဆန့်ကျင်‌နေခြင်းဖြစ်‌ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

KNU အ‌နေဖြင့် အမျိုးသား‌ရေး ဦး‌ဆောင်မှု‌ပေးခဲ့သည့် (၇၄) နှစ်တာကာလအတွင်း အမြင်မတူကွဲပြားမှုများ‌ကြောင့် အသင်းအဖွဲ့ ကွဲပြားလာပြီး အဖွဲ့အတွင်း လက်နက်ကိုင်ပဋိပက္ခအထိဖြစ်ပွားခဲ့ဖူးသည့်အ‌ပေါ် လက်ရှိအချိန်တွင် စည်းလုံး ညီညွတ်စွာ အတူတကွ ‌ရှေ့ဆက်သွားရန်ကိုလည်း ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ၎င်း၏သဝဏ်လွှာ၌ ထည့်သွင်း တိုက်တွန်းထားသည်။

လက်ရှိတွင် ကရင်ပြည်နယ် ‌မြောက်ပိုင်း ဖာပွန်‌ဒေသနှင့် ‌ကျောက်ကြီး‌ဒေသတို့တွင်လည်း တပ်မ‌တော် နှင့် KNU လက်‌အောက် တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ပစ်ခတ်တိုက်ခိုက်မှုများစတင်ဖြစ်‌ပေါ်ခဲ့သလို လက်ရှိ တွင်လည်း မကြာခဏ ဖြစ်‌ပေါ်‌နေပြီး စစ်‌ဘေး‌ရှောင် ပြည်သူများလည်း ‌ထောင်နှင့်ချီ၍ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရ ဆဲဖြစ်သည်။

လတ်တ‌လော စစ်အာဏာသိမ်းမှု နှင့်ပတ်သက်ပြီး KNU အ‌နေဖြင့် လက်မခံ‌ကြောင်းလည်း အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ‌နောက်တစ်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန် အသိ‌ပေးထားသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၃ ရက်မှ ၇ ရက်‌နေ့အထိ ပြုလုပ်ကျင်းပခဲ့‌သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားကွန်းဖရင့် အစည်းအ‌ဝေးကြီးမှ ‌ဒေါကလူအသင်း(KNA)၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသားများအသင်း(BKNA)၊ ကရင်ဗဟိုအဖွဲ့ချုပ်(KCO) နှင့် ကရင်လူငယ်အစည်းအရုံး (KYO) စသည့် အဖွဲ့အ စည်းများဖြင့် ‌ဖေ‌ဖော်ဝါရီလ (၅)ရက်‌နေ့တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့ခြင်းဖြစ်သည်။