ဇန်နဝါရီ ၂၂ ရက်၊ ၂ဝ၂၁ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာ Quarantine စခန်းဝင်နေသူ ရန်ကုန်ပြန်ဒေသခံ ၂ ဦးထံမှ COVID-19 ပိုးတွေ့ရှိသည်ဟု မြို့နယ်ဆေးရုံတာဝန်ရှိသူက ယနေ့(ဇန်နဝါရီ ၂၂ ရက်) တွင် ကေအိုင်စီသို့ အတည်ပြုပြောသည်။
ရန်ကုန်တိုင်းဒေသကြီးမှ ဇန်နဝါရီ ၁ဝ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာသို့ ပြန်လည်ရောက်ရှိလာသူ ကျား ၁ ဦး မ ၁ ဦးတို့မှာ ကျေးရွာ Quarantine စခန်းတွင် ၁၂ ရက်ကြာနေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်နေ့တွင် ၎င်းတို့ကို နှာခေါင်းအာခေါင်တို့ဖတ် Swab ယူဓာတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာကျော်ဇင်ထွန်းက “ ၁၉ ရက်နေ့က ကျနော်တို့ တို့ဖတ်ယူထားတယ်။ အဲကနေပြီးတော့ လူနာ ၂ ယောက် positive ထွက်တယ်။ ဒီနေ့မှ သိတာပါ။ ရန်ကုန်ပြန်တွေပါ။ ခလယ်တံခွန်တိုင်ဆေးရုံမှာ ကုသမှု ခံယူထားတယ်။ စမ်းသပ်တာတွေ စစ်ဆေးတာတွေလုပ်မယ်။ လူနာကို ကြည့်ပြီးမှပဲ ဒီမှာထားလို့ရရင် ထားမယ်။ လိုအပ်ရင်တော့ ပြည်နယ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်မယ်”ဟု ကေအိုင်စီ သို့ပြောသည်။
ကိုဗစ်ရောဂါပိုးတွေ့ရှိသည့် လူနာ ၂ ဦးနေထိုင်သည့် ခလယ်ရွာ Quarantine စခန်းတွင် အခြားနေရပ်ပြန် ၁ ဦးပါသီးခြား အခန်းဖြင့် နေထိုင်ကြပြီး ပိုးတွေ့သည့် လူနာ ၂ ဦးကို လက်ရှိ ခလယ်တံခွန်တိုင် ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူထားကြောင်း ကျေးရွာတာဝန်ရှိသူထံမှ သိရသည်။
ခလယ်ကျေးရွာ အုပ်ချုပ်ရေးမှူး မန်းဆန်းညွန့်မောင်က “ ၁ဝရက်နေ့မှာ ရန်ကုန်ကနေပြီးတော့ ရွာကိုပြန်ရောက်လာတော့ Q စခန်းမှာ တန်းသွားထားတာပေါ့နော်။ သူတို့က ၁၂ ရက်လောက်နေပြီးမှ Q ကနေထွက်ဖို့ ၂ ရက်အလိုမှာ positive အဖြေ ထွက်တယ်ပေါ့နော်။ ကျား ၁ ဦး၊ မ ၁ ဦး ပါ။ လူနာတွေက ကျန်းကျန်းမာမာပါပဲ”ဟု ကေအိုင်စီသို့ပြောသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ တစ်သိန်းကျော်တွင် သေဆုံးသူ ၃,ဝဝဝ ကျော်ရှိပြီး ကရင်ပြည်နယ်အနေဖြင့် ကိုဗစ်ရောဂါဖြင့် ၂၄ ဦးသေဆုံးခဲ့ရကာ လူပေါင်း ၁,၇ဝဝ ဦးကျော် ကူးစက်ခံခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။