Home ရွေးကောက်ပွဲသတင်း ‌ကေအဲန်ယူ ထိန်းချုပ်နှင့် နှစ်ဖက်‌ရော‌နှောအုပ်ချုပ်ရွာများ ဖားပြရွာမဲရုံ၌ အလုံးအရင်း မဲလာ‌ပေး

‌ကေအဲန်ယူ ထိန်းချုပ်နှင့် နှစ်ဖက်‌ရော‌နှောအုပ်ချုပ်ရွာများ ဖားပြရွာမဲရုံ၌ အလုံးအရင်း မဲလာ‌ပေး

2280

နိုဝင်ဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာ ခရိုင်(တပ်မဟာ ၆)၊ ထိန်းချုပ်ရွာများနှင့် နှစ်ဖက် ‌ရော‌နှော အုပ်ချုပ်သည့် ရွာ‌ပေါင်း ၄ဝ ခန့်မှ မဲ ဆန္ဒရှင်များသည် ခလယ်-တံခွန်တိုင် တိုက်နယ်၊ ဖားပြရွာ၌ အလုံးအရင်း မဲလာ‌ပေး ‌နေသည်ဟု သတင်းရရှိသည်။

“ တချို့ရွာ‌တွေက ‌ဝေး‌တော့ ညထဲက လာ‌စောင့်တယ်။ နီးစပ်ရာ‌တွေက ထမင်းထုပ်‌တွေ စီစဉ်‌ပေးတယ်။ ဖားပြမှာ မဲ‌ပေးခွင့်ရှိသူ‌ပေါင်း တစ်‌သောင်း‌ကျော်တယ်လို့ ကြားတယ်” ဟု ‌ဒေသခံတဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ‌ပြောသည်။

တပ်မဟာ ၆ ထိန်းချုပ်နယ်‌မြေအတွင်း မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိ‌သော်လည်း မဲ‌ပေးလိုသူများ မဲ‌ပေးခွင့် မဆုံးရှုံး‌စေရန် နှစ်ဖက်ညှိနှိုင်းပြီး ဖားပြရွာအထက်တန်း‌ကျောင်း မဲရုံတွင် မဲ‌ပေးခွင့်ပြုထားရာ ထိန်းချုပ်နယ်‌မြေ အတွင်းရှိ ရွာများမှ ‌ဒေသခံများက ရွာအလိုက် ကားကြီးများကို စီးလုံးငှားပြီး လာ‌ရောက်မဲ ‌ပေးခဲ့ခြင်း ဖြစ်သည်။

KNU ထိန်းချုပ်နယ်‌မြေ ‌လေးဖိုးရွာသား ‌စောထို့ဖိုးက “ ညထဲကလာတယ်၊ ဒိုင်နာကားနဲ့ လာအိပ်တယ်။ လူ ၈ဝ ‌ကျော် ပါတယ်။ အခု ၂ နာရီ ‌လောက်ရှိ‌တော့ ဗိုက်လည်းဆာ‌နေတယ်။ တချို့က မပြီး‌သေး‌တော့ ‌စောင့်‌နေရတယ်။ အတူ ပြန်ဖို့။ အခုမှ မဲ‌ပေးဖူးတာ(ပထမဆုံး မဲ‌ပေးဖူးတာ)ပါ။ ကိုယ့်အမျိုးသားကို ချစ်လို့ အပင်ပန်းခံမဲလာ‌ပေးတာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ဖားပြရွာ အထက်တန်း‌ကျောင်း မဲရုံတွင် မဲ‌ပေးခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းမှာ ၁၈,၀၀ဝ ဦး ‌ကျော်ရှိ‌ကြောင်း ‌ကျေးရွာ‌ကော်မရှင် တာဝန်ရှိသူများ ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်၂၀၁၅ ‌ရွေး‌ကောက်ပွဲ၌ ‌ရွေး‌ကောက်ပွဲ မကျင်းပသည့် ‌ကျေးရွာအုပ်စု ၃၈ အုပ်စုထိ ရှိခဲ့‌သော်လည်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင်မူ ‌ကျေးရွာအုပ်စု ၉ အုပ်စုသာ ရှိခဲ့ပြီး ‌ရွေး‌ကောက်ပွဲ ကျင်းပမည့် ‌ကျေးရွာအုပ်စု ၂၉ အုပ်စုထိ တိုးလာခဲ့‌ကြောင်း သိရသည်။