နိုဝင်ဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့မအားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ် ၇ မဲရုံ ပရဝုဏ်အတွင်း ဖုန်း Tablet ဖြင့် မဲစာရင်းရှာဖွေပေးခြင်းနှင့် မဲစလစ်စာရွက်များ ထုတ်ပေးခြင်းများပြုလုပ်နေ သည်ဟုဆိုကာ မြဝတီမြို့နယ် NLD ပါတီဝင် ၂ ဦးအား ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးပါတီ (USDP)မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ကြားမှုနှင့် ပတ်သက်၍ မြဝတီမြို့နယ် (USDP) ပါတီ မြို့နယ်အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချင်းက “မြဝတီမြို့နယ် မဲဆန္ဒနယ် (၁၂) မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ခိုင်ဖြိုးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းဦး ကနေပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့တာပါ။”ဟု ပြောသည်။
အဆိုပါ တိုင်ကြားရသည့် အကြောင်းအရင်းမှာ မဲရုံ၏ ကိုက် ၅၀ဝ အတွင်းမှာ မဲစလစ်ကဒ်တွေ ထုတ်ပေးနေ ခြင်းကြောင့်နှင့် မဲစလစ်ကဒ်များကို ပါတီမှ ထုတ်ပေးပိုင်ခွင့်မရှိဘဲ UEC ၏ လုပ်ပိုင်ခွင့်များကို ကျော်လွန်ပြီး၍ လုပ်နေခြင်းဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပေဒ ပုဒ်မ ၆၁/ ၆၂ ကို ငြိစွန်းကြောင်းနှင့် မဲဆွယ်သည့် သဘောမျိုးဖြင့် လုပ်ဆောင်ခြင်းမျိုးကြောင့် တိုင်းကြားထားခြင်းဖြစ်သည် ဟု ဦးခင်မောင်ချင်းက ဆက်ပြောသည်။
ထိုသို့ တိုင်ကြားခံရသူ မဧပရယ်မိုးက “ကျမတို့ အဲ့ဒီနေရာမှာ ပါတီအဆောင်အယောင်တွေနဲ့ သွားရောက်မဲ ဆွယ်တာတွေ မလုပ်ခဲ့ပါဘူး။ မဲပေးမှုလွယ်ကူစေရန်အတွက် ဖုန်း tablet ဖြင့် မဲစာရင်းရှာပေးတာတွေတော့ ရှိပါတယ်။ သူတို့ပြောတဲ့ မဲစလစ်စာရွက် ထုတ်ပေးတာတွေလဲမရှိခဲ့ဘူး။ ဒီလက်မှတ်တွေက တိုင်းရင်းသား ရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း မဲပေးရမယ့်နေရာမှာ အမည်စာရင်းလာရှာခိုင်းတဲ့ မဲဆန္ဒရှင်ပြည်သူ တွေရဲ့ လက်မှတ်တွေ” ဟု ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှနေပြီး မဧပရယ်မိုးနှင့် အဖော်အမျိုးသားတစ်ဦးအား မြဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးကိုခေါ်ဆောင်လာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ လတ်တလောတွင် ၎င်းတို့ အသုံးပြုခဲ့သည့် ဖုန်းကွန်ပျူတာပစ္စည်းများကို ခေတ္တထိန်းသိမ်းထားပြီး ကာယကံရှင်များကို ပြန် လွှတ်ပေးထားကြောင်း မြဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမြင့်အောင်ကျော် က ဆို သည်။
မြဝတီမြို့နယ်အတွင်း နိုင်ငံရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၇ ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းအရ လူဦးရေ (၁၂၂,၀၂၅)ဦး ရှိရာ မဲရုံပေါင်း ၈၃ ရုံတွင် မဲပေးလျက်ရှိပြီး ယနေ့ ညနေပိုင်းအထိ မဲဆန္ဒရှင်ဦးရေ၏ ၅ဝ ရာခိုင်နှုန်းခန့် မဲပေးပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှုမှသိရသည်။



















