Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ် အမျိုးသားလွှတ်‌တော် အမှတ် ၉ တွင် NLD က KNDP ကို ငါးမဲအသာဖြင့်နိုင်၊ လှိုင်းဘွဲမြို့နယ်တစ်ခုလုံး၏ မဲရလဒ်ကို...

ကရင်ပြည်နယ် အမျိုးသားလွှတ်‌တော် အမှတ် ၉ တွင် NLD က KNDP ကို ငါးမဲအသာဖြင့်နိုင်၊ လှိုင်းဘွဲမြို့နယ်တစ်ခုလုံး၏ မဲရလဒ်ကို ပြန်လည်စစ်‌ဆေး‌ပေးရန် KNDP ‌တောင်းဆိုထား

5299

နိုဝင်ဘာ ၁၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ်အမှတ် ၉ ၌ NLD ကိုယ်စားလှယ် နန်းမိုးမိုး‌ထွေးက KNDP ကိုယ်စားလှယ် ‌စောမြင့်ဟန်ကို ငါးမဲအသာဖြင့် အနိုင်ရသွားပြီး မြို့နယ်တစ်ခုလုံး၏ မဲရလဒ်အ‌ပေါ် ပြန်လည်စစ်‌ပေးရန် KNDP က ‌တောင်းဆိုထား‌ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ‌လေးဦးဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ကိုယ်စားလှယ် နန်းမိုးမိုး‌ထွေးက ၂၀,၁၄၆ မဲ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ် ‌စောမြင့်ဟန်က ၂၀,၁၄၁ မဲ၊ USDP ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ၁၃,၀၉၁ မဲ၊ ပြည် ‌ထောင်စု ‌ကောင်းကျိုး‌ဆောင်ပါတီမှ ကိုယ်စားလှယ် ဦးမြတ်‌ကျော်က ၆၆၃ မဲ အသီးသီးရရှိခဲ့ပြီး မြို့နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်သည့် မဲရလဒ်အား ကိုယ်စားလှယ် ‌လောင်း အသီးသီးကပုံစံ ၁၉ လက်မှတ်‌ရေးထိုးထားပြီးဖြစ်‌ကြောင်း သိရသည်။

“လှိုင်းဘွဲမြို့နယ် မဲစာရင်းအကုန်လုံးကို ပြန်စစ်‌ပေးဖို့ ‌ကော်မရှင်ကို ‌တောင်းဆိုထားတယ်။ KNDP က ရှုံး‌သော်လည်းဘဲ ရိုးရိုးသားသား ရှုံးတာဖြစ်တယ်လို့ ‌ပြောချင်ပါတယ်” ဟု KNDP ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ် ပြည်နယ်လွှတ်‌တော်မဲဆန္ဒနယ် အမှတ် ၂ တွင် NLD မှ ‌စောချစ်ခင်က ၂၀,၄၉၉ မဲ၊ KNDP မှ မန်း‌အောင်ပြည်စိုးက ၁၉,၁၂၉ မဲ၊ USDP မှ ‌စောစိုးဝင်းက ၁၃,၀၇၆ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ‌စော‌ကျော်လွင်ဦးက ၁,၇၉၇ မဲ၊ UBP မှ ဦး‌အောင်ကိုဝင်းက ၆၉၈ မဲ အသီးသီးရရှိထား‌ကြောင်း မြို့နယ်‌ရွေး‌ကော်အဖွဲ့ခွဲ၏ မဲရလဒ် ပုံစံ ၁၉ တွင် ‌ဖော်ပြထားသည်။

“မဲရလဒ်‌တွေက‌တော့ ကျ‌နော်တို့ ပုံစံ ၁၉ ထုတ်ပြန်ထားပါတယ်။ အဲ့အတိုင်းပါပဲ လာကြည့် လို့ရပါတယ်” ဟု လှိုင်းဘွဲမြို့နယ်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦး‌ဇော်ညွန့်က ‌ပြောသည်။

လှိုင်းဘွဲ မြို့နယ်တွင် ‌ကျေးရွာများ၌ မဲလာ‌ပေးသူများအ‌နေဖြင့် မဲ‌ပေးမှုပုံစံကို ‌သေ‌သေချာချာ မသိသည့်အတွက် ပယ်မဲများသည်ကို ‌တွေ့ရသည်ဟု ‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့် သူတစ် ဦးက ‌ပြောသည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော် အမှတ် ၁ နှင့် အမျိုးသားလွှတ်‌တော် အမှတ် ၈ တို့တွင် NLD ကိုယ်စားလှယ်‌လောင်းများက မဲရလဒ် ပြတ်ပြတ်သားသားဖြင့်နိုင်ခဲ့‌ကြောင်း မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ၏ မဲရလဒ် ပုံစံ ၁၉ အရ သိရသည်။