Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း ‌မြောက်ပိုင်းအဖွဲ့များမပါခြင်းသည် အားလုံးပါဝင်‌ရေးမူကို ဆန့်ကျင်‌နေဟု KNLA ‌ပြော

ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း ‌မြောက်ပိုင်းအဖွဲ့များမပါခြင်းသည် အားလုံးပါဝင်‌ရေးမူကို ဆန့်ကျင်‌နေဟု KNLA ‌ပြော

5044

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ရက္ခိုင့်တပ်‌တော်(AA) အပါအဝင် ‌မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မပါဝင်လာခြင်း‌ကြောင့် အားလုံးပါဝင်‌ရေးမူကို ဆန့်ကျင်ပြီး စစ်မှန် သည့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုကို ‌သွေဖည်‌နေ‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်မှ ယမန်‌နေ့ (ဩဂုတ် ၁၈ရက်)က သ‌ဘောထားရပ်တည်ချက် ထုတ်ကာ ‌ပြောဆိုလိုက် သည်။

၂၁ ရာစု ပင်လုံ ညီလာခံသို့ အပစ်ရပ်လက်မှတ်မ‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များကို မဖိတ်‌ခေါ်နိုင်သည့်အပြင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ‌ကြေညာပြီး ငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် ချန်လှပ်ထားခြင်းသည် မိမိတို့ယုံကြည်‌သော ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု လမ်းစဉ်ဖြင့် ‌သွေဖည်‌နေ‌ကြောင်း KNU-ကရင်အမျိုးသာားအစည်းအရုံး၏ လက်‌အောက်ခံ KNLA ဗဟိုစစ်ဦးစီးဌာနချုပ်မှ ‌ပြောခွင့်ရ ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါင်းက ‌ပြောသည်။

၎င်းက “‌မြောက်ပိုင်းအဖွဲ့နဲ့ AA မပါဝင်ခြင်းက ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က ပြီးပြည့်စုံတဲ့ ပြည်တွင်း ငြိမ်းချမ်း‌ရေး လို့ ‌ပြောလို့မရဘူး။ အာလုံးပါဝင်‌ရေးမူကို ဆန့်ကျင်တာဖြစ်တယ်။ တစ်ဖက်က အပစ်ရပ်ထားတယ်။ ကျန်တဲ့ ‌နေရာက စစ်ဖြစ်တယ်။ စစ်ဖြစ်တဲ့အတွက်‌ကြောင့် ပိုပြီးဒုက္ခ‌ရောက်နိုင်တယ်။ နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းရမယ့် အစား စစ်‌ရေးနည်းနဲ့ ‌ဖြေရှင်းတာက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို မလိုလားဘူးလို့ပဲမြင်တယ်။ တိုင်းရင်း သားစည်းလုံးညီညွတ်မှုကို ထိခိုက်‌စေတာလည်း ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုခဲ့သည်။

ထို့အပြင် AAအ‌ပေါ် အကြမ်းဖက်အဖွဲ့အ‌နေဖြင့် စွပ်စွဲသတ်မှတ်ခြင်းသည်လည်း စစ်‌ရေးနည်းအရ ‌ချေမှုန်းနိုင် ရန် အကွက်ဆင်ခြင်းမျိုးရှုမြင်ပြီး AA အ‌နေဖြင့် မိမိလူမျိုး အဖိနှိပ်ခံဘဝမှ လွတ်‌မြောက်ရန် ‌တော်လှန်တိုက် ပွဲဝင်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျှသာ ဖြစ်‌ကြောင်းလည်း KNLA က ဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/ ရက္ခိုင့်တပ်‌တော် (AA)ကို ပြီးခဲ့သည့် မတ်လ ၂၃ရက်‌နေ့တွင် မြန်မာအစိုးရ၏ အကြမ်းဖက်မှု တိုက်ဖျက်‌ရေး ဗဟိုက အကြမ်းဖက်အုပ်စုအဖြစ် ‌ကြေညာခဲ့ပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုဖြစ်စဉ် များတွင် ချန်လှပ်ထားခဲ့သလို လက်ရှိ ပြုလုပ်‌နေသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံသို့ AA အဖွဲ့မှ လွဲ၍ ကျန်အပစ်ရပ် လက်မှတ်မ‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ညီလာခံ၏ ဖွင့်ပွဲ သို့ တက်‌ရောက်ရန် အစိုးရက ဖိတ်ကြားခဲ့သည်။

ထိုသို့ ညီလာခံ ဖွင့်ပွဲသို့ တက်‌ရောက်ရန် ဖိတ်ကြားမှုအ‌ပေါ် ‘ဝ’ ပြည်‌သွေးစည်းညီညွတ်တပ်မ‌တော် (UWSA)မှ ဦး‌ဆောင်‌သော AA အပါအဝင် ‌မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထား သည့် ပြည်‌ထောင်စု နိုင်ငံ‌ရေး‌ဆွေး‌နွေးညှိနှိုင်း‌ရေး‌ကော်မတီ (FPNCC)မှ AA ကို ချန်လှပ်ထားခြင်းအပြင် ဖွင့်ပွဲ အတွက်သာ တက်‌ရောက်ရန် ဖိတ်ကြားခဲ့ခြင်း‌ကြောင့် တက်‌ရောက်နိုင်မည်မဟုတ်‌ကြောင်း ဩဂုတ်လ ၁၃ရက် ‌နေ့တွင် သ‌ဘောထားထုတ်ပြန်အသိ‌ပေးခဲ့သည်။

အဆိုပါ တိုင်းရင်းသား အဖွဲ့များအ‌ပေါ် အကြမ်းဖက်အဖွဲ့အ‌နေဖြင့် ‌ခေါ်‌ဝေါ်သမုတ်ခြင်းထက် အစိုးရ ၊ တပ်မ ‌တော်အ‌နေဖြင့် AA အဖွဲ့နှင့် ‌တွေ့ဆုံညှိနှိုင်းမှုကို အမြန်ဆုံးပြုလုပ်သွားပြီး ရန်လို‌သော ‌ခေါ်‌ဝေါ်သုံးနှုန်း‌ပြောဆိုမှု နိုင်ငံ‌ရေးအခင်းအကျင်းမှ ငြိမ်းချမ်း‌ရေး မိတ်ဖက်အဖွဲ့အစည်းအသွင်ဖန်တီး‌ပေးရန်လည်း KNLA၏ ထုတ်ပြန် ချက်၌ ‌တောင်းဆိုထားသည်။

ထို့အပြင် တပ်မ‌တော်အ‌နေဖြင့် လက်‌တွေ့ကျသည့် ပြုပြင်‌ပြောင်းလဲမှုကို ‌ဖော်‌ဆောင်ခြင်းမပြုဘဲ လက်ရှိ ‌ဖော် ‌ဆောင်‌နေဆဲ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်၏ ၂၁ ရာစုပင်လုံညီလာခံမှတဆင့် မိမိတို့ ‌မျှော်မှန်ထားသည့် စစ်မှန်‌သော တန်းတူရည်တူ အခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိဘဲ လက်နက်ကိုင်လမ်းစဉ်စွန့်၍ ဥပ‌ဒေ‌ဘောင်တွင်း ဝင်ခိုင်းသည့် လမ်းစဉ်ရလဒ်များသာ ထွက်‌ပေါ်ခဲ့လျှင် ယခင် ရပ်တည်ချက်အတိုင်း ၎င်းတို့ရပ်တည်သွားမည် ဖြစ်‌ကြောင်း KNLA က ‌ပြောဆိုခဲ့သည်။