ဩဂုတ် ၁၉ရက်၊ ၂ဝ၂ဝပြည့်နှစ်၊ စောမြတ်ဦးသာ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားသည့် လူနာအမှတ် ၃၅၁ကို တတိယအ ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေး အဖြေရှာရာတွင် ရောဂါပိုးမတွေ့ရှိတော့၍ ယမန်နေ့(ဩဂုတ်လ ၁၉ ရက်)တွင် ဆေးရုံ မှ ဆင်းခွင့်ရသွားပြီးဟု တာဝန်ရှိသူများထံမှ သိရသည်။
အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ဩဂုတ် ၇၊ ၁၁ ရက်နေ့တွင် လူနာအမှတ် ၃၅၁ ၏ Covide-19 ဓာတ်ခွဲ အဖြေထုတ်ပြန်ရာတွင် နောက်ဆုံး ၂ကြိမ်စလုံး ပိုးမတွေ့တော့ဟု ထုတ်ပြန်ပြီးနောက်ပိုင်း လူနာအား ဆေးရုံမှ ဆင်း ခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
လူနာအမှတ် ၃၅၁ က “အခုလိုရောဂါပျောက်သွားတော့ ဆရာ ဆရာမတွေ ကျေးဇူးအများကြီးတင်တယ်။ ဆေးရုံမှာ ၂၁ရက်နေခဲ့တယ်။ အားရှိတဲ့အစားအစာတွေ စားတယ်။ ဘုရားရှိခိုးတယ်။ နေ့စဉ်ကျန်းမာရေး လုပ်တယ်ပေါ့နော်။ ဒီရောဂါကို ကျော်ဖြတ်နိုင်အောင်လည်း စိတ်ထဲထည့်ထားတယ်။ လူစုလူဝေးရှောင်ကြဖို့ ပြောချင်တယ်။”ဟု ဩဂုတ် လ ၁၉ရက်(ယမန်နေ့)က ကေအိုင်စီသို့ပြောသည်။
ယခုလူနာအမှတ် ၃၅၁ သည် မလေးရှားနိုင်ငံမှတဆင့် ဇူလိုင်လ ၂၂ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ပြန် လည်ရောက်ရှိလာကာ ၎င်းနေထိုင်သည့်ကျေးရွာ၏ စောင့်ကြည့်နေရာတွင်ထားရှိပြီး Covid-19 ဓာတ်ခွဲအဖြေအရ ပိုးတွေ့ရှိသည့်အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူ စေခဲ့သည်။
ကရင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံခဲ့ရသူ ၇ ဦးရှိပြီး ဆေးရုံမှအသီးသီး ဆင်းခွင့်ရသွားပြီးဟု သိရသည်။ ယခု လူနာအမှတ် ၃၅၁ သည် နေအိမ်တွင် ရက်သတ္တပတ်ကြာ home quarantine စောင့်ကြည့်နေထိုင်သွားရအုံးမည်ဖြစ် ကြောင်းလည်း တာဝန်ရှိသူထံမှ သိရသည်။



















