ဧပြီ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင် ထိုလွီဝါး ကောလိပ်တွင် ဖွင့်လှစ်ထားသည့် ကိုဗစ် ဗိုင်းရပ်စ် စောင့်ကြည့်ရေး စင်တာ (Quarantine Center) သို့ World Concern Myanmar က ဦးဆောင်ကာ မိတ်ဖက်အဖွဲ့ အစည်းအများက ကျပ်သိန်း ၁၂ဝ ကျော်တန်ဘိုးရှိ ကျန်းမာရေးနှင့် အထွေထွေသုံးပစ္စည်များ လာ ရောက်လှူဒါန်းသွားသည်ဟု တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ပြောသည်။
“ ကျနော်တို့ ကေအဲန်ယူ၊ တောင်ငူခရိုင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ဒေသတွင်း မှာ ကိုဗစ်-ဗိုင်းရပ်စ်စောင့်ကြည့်ရေး Quarantine Center ကို ထိုလွီဝါးကျောင်းမှာ ဖွင့်လှစ်ထားတယ်။ ဒီစင်တာ ကိုကျေးရွာတွေက လိုအပ်ရင်လည်း အသုံးပြုဖို့ ပြင်ဆင်ထားတယ်။ WCM က စင်တာအတွက် ဒီနေ့အထွေထွေ ပစ္စည်းသိန်း ၁၂ဝ ဖိုး လာလှူဒါန်း သွားတာ ဖြစ်ပါတယ်” ဟု ပဒိုစောအယ်ဝါးက ပြောသည်။
လက်ရှိ သံတောင်ကြီးမြို့နယ်၊ မြောက်ပိုင်းဒေသတွင် အစားအစာနှင့် အဟာရ ဖူလုံရေး စီမံကိန်းကို CDN-ZOA ဦးဆောင်ပြီး မိတ်ဘက်အဖွဲ့အစည်းများဖြစ်သည့် World Concern Myanmar, Cordaid, SNV စသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသတွင်းဘာသာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၁၆ ခုနှစ်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စီမံကိန်း အဖွဲ့ဝင်များထံမှ သိရသည်။

WCM မှ အဟာရအဖွဲ့ ခေါင်းဆောင် ကိုဇော်နိုင်ဦးက “အခုချိန်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ဒေသတွင်း စိုးရိမ် လာတော့ ကာကွယ်ရေး အပိုင်းကူညီပေးတဲ့ အနေနဲ့ ကျနော်တို့ World Concern အနေနဲ့ LIFT (Livelihood and Food Security Trust Fund) ရဲ့ အလှူငွေနဲ့ အခုလို ကေအဲန်ယူ၊ တောင်ငူခရိုင် Quarantine Center ကို သွားရောက်ပံ့ပိုးတာ ဖြစ်ပါတယ်” ဟု ကေအိုုင်စီသို့ ပြောသည်။
ကေအဲန်ယူ၊ တောင်ငူခရိုင်၊ ထိုလွီဝါး ကောလိပ်တွင် ဖွင့်လှစ်ထားသည့် Quarantine Center သို့ အဆိုပါ အဖွဲ့များက ကိုယ်ပူချိန်တိုင်းစက်၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ရေသန့်နှင့် တကိုယ်ရေသုံး အိပ်ရာလိပ်များ အပါအဝင် စုစုပေါင်း ပစ္စည်း ၂၈ မျိုးကို လူ ၁၀ဝ ဦးစာအတွက် ဧပြီ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ကေအဲန်ယူ၊ တောင်ငူခရိုင် အနေဖြင့် ကိုဗစ် ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် Quarantine Center ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မတ်လကုန်ပိုင်းကတည်းက ဖွင့်လှစ်ထားပြီး စင်တာတွင် ကနဦး လူ ၅ဝ ဦးစာ စောင့်ကြည့်နိုင်ရေးအတွက် ပြင်ဆင်ထားသလို လိုအပ်ပါက ထပ်မံတိုးချဲ့ နိုင်ရေးစီစဉ်ထားသည်။ ထို့အပြင် ဒေသတွင်းသို့ ပြန်လာသည့် ဒေသခံများကို လိုအပ်သလို စောင့်ကြည့်သွားမည်ဟု ခရိုင် အဆင့် တာဝန်ရှိသူများထံမှ သိရသည်။



















