Home သတင်း နယ်စပ်မြဝတီမှတဆင့် ထိုင်းပြန်မြန်မာလုပ်သား ဝင်‌ရောက်မှု မရှိသ‌လောက်နည်းပါး

နယ်စပ်မြဝတီမှတဆင့် ထိုင်းပြန်မြန်မာလုပ်သား ဝင်‌ရောက်မှု မရှိသ‌လောက်နည်းပါး

2820
Photo: Nay Naw

ဧပြီ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံအစိုးရမှ ယမန်‌နေ့ (ဧပြီ ၂ရက်‌နေ့)က ညမထွက်ရ အမိန့် ထုတ် ပြန်လိုက်ပြီး‌နောက် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂)တံတားမှ တဆင့် မြန်မာနိုင်ငံသို့ ‌နေရပ်ပြန်မြန်မာ လုပ်သား ဝင်‌ရောက်မှု မရှိသ‌လောက်နည်းပါးသွား‌ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ ယမန်‌နေ့ ဧပြီလ ၂ ရက်‌နေ့က ထုတ်ပြန်သည့် Covid-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်‌ရေး အ‌ရေး‌ပေါ်အမိန့်‌ကြောင့် ယ‌နေ့ ဧပြီလ ၃ ရက်‌နေ့ ‌နေ့လည်ပိုင်းအထိတွင် ပုံမှန်ပြန်‌နေကျ ထိုင်းပြန် မြန်မာလုပ်သား ဝင်‌ရောက်လာခြင်း မရှိ‌တော့‌ကြောင်း မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

မြဝတီနယ်စပ် အမှတ် ၂ တံတား B.C.F ဇုန်တွင် ကျန်းမာ‌ရေးစစ်‌ဆေး‌ပေးခြင်းနှင့် ပြန်လည်ကြိုဆို‌ရေး လုပ်ငန်းစဉ်များကို ‌စေတနာ့ဝန်ထမ်းအဖြစ် ‌ဆောင်ရွက်‌ပေး‌နေသူ မြဝတီခရိုင် သူနာပြုတပ်ဖွဲ့ ဝင်တစ်ဦး က “ယခင်က လို ပုံမှန်ပြန်‌နေကျ ထိုင်းပြန်မြန်မာလုပ်သား အလုံးအရင်းနဲ့ ဝင်‌ရောက်လာမှု မရှိ ‌တော့ပါဘူး။ ဒါ‌ပေမယ့် ထိုင်းမှာ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန် လည်လွှဲ‌ပြောင်း ‌ပေးမယ့် ပြည်‌တော်ပြန် မြန်မာလုပ်သား‌တွေရှိလာရင် လက်ခံ‌ပေးဖို့‌လောက်ပဲ ရှိပါတယ်။ ဒီ‌နေ့ ‌နေ့ လည် ၁၂ နာရီထိ‌တော့ တစ်‌ယောက်မှ ဝင်လာတာ မရှိ‌သေးဘူး” ဟု ‌ပြောသည်။

Photo: Nay Naw

ထိုင်းနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ ယမန်‌နေ့ ဧပြီလ ၂ ရက်‌နေ့ ထုတ်ပြန်ချက်အရ ၁,၈၇၅ ဦးရှိလာပြီး တစ်ရက်လျှင် လူဦး‌ရေ ၁၀ဝ ခန့် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံ‌နေရသဖြင့် ထိန်းချုပ်နိုင်ငံ ‌ရေးအတွက် တာ့ခ်ခရိုင်အုပ်ချုပ်‌ရေးမှ နယ်‌မြေဖြတ်သန်းခရီးသွားလာမှုနှင့်ပတ်သက်၍ ထိန်းချုပ်ကန့် သတ်ချက်များ အပါအဝင် ယ‌နေ့ ဧပြီလ ၃ ရက်‌နေ့တွင် အကျုံးဝင်မည့် ည ၁ဝ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ထားသည်။

နယ်စပ်ဝင်‌ပေါက်များမှ ပြန်လာကြမည့် ပြည်ပ‌ရောက် မြန်မာနိုင်ငံသားများအ‌နေဖြင့် လာမည့် ဧပြီလ ၁၅ ရက်‌နေ့ ‌နောက်ပိုင်းမှသာ ပြန်လာကြရန် မြန်မာနိုင်ငံအစိုးရအဖွဲ့ နိုင်ငံခြား‌ရေးဝန်ကြီးဌာန၏ မတ်လ ၃ဝရက်‌နေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ယခင်လ မတ်လ ၂၁ ရက်‌နေ့မှစ၍ ‌နေ့စဉ် ‌ထောင်နှင့်ချိီ၍ ပြန်လာကြ‌သော ထိုင်း ပြန်မြန်မာ လုပ်သားများမှာ ယမန်‌နေ့ ဧပြီလ ၂ ရက်‌နေ့ထိ ဝင်‌ရောက် ‌နေဆဲဖြစ်ပြီး (၁၃) ရက်အတွင်း လူဦး‌ရေ (၃၆,၈၅၀)ဦး ဝင်‌ရောက်လာခဲ့သည်။ ယ‌နေ့ ဧပြီလ ၃ ရက်‌နေ့တွင်မူ ထိုင်းပြန်မြန်မာလုပ်သား ဝင်‌ရောက်မှု မရှိသ‌လောက် နည်းပါးသွား‌ကြောင်း သိရသည်။