Home သတင်း ဖာပွန်စစ်‌ပြေး‌ရှောင်များအတွက် နိုင်ငံတကာ‌ရောက် ကရင်များ ‌ထောက်ပံ့ကူညီသွားရန်စီစဉ်

ဖာပွန်စစ်‌ပြေး‌ရှောင်များအတွက် နိုင်ငံတကာ‌ရောက် ကရင်များ ‌ထောက်ပံ့ကူညီသွားရန်စီစဉ်

2824

မတ်လ ၃ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး

လတ်တ‌လော ပဋိပက္ခများ‌ကြောင့် ဖာပွန်‌ဒေသတွင် စစ်‌ပြေး‌ရှောင်‌နေသူများအတွက် နိုင်ငံတကာ‌ရောက် ကရင်များမှ လိုအပ်သည်များကို ကူညီ‌ထောက်ပံ့‌ပေးနိုင်ရန် စီစဉ်‌နေ‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

တပ်မ‌တော်နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)လက်‌အောက်ခံ တပ်ဖွဲ့တို့အကြား ဖြစ်ပွား သည့် လက်နက်ကိုင်ပဋိပက္ခများ‌ကြောင့် ‌ဒေသခံရွာသာ ၃၀ဝ ‌ကျော်ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ သလို နှစ်‌ထောင်‌ကျော်မှာ စိုးရိမ်ရသည့် အ‌ခြေအ‌နေ‌အောက်တွင်ရှိ‌နေပြီး အကူအညီ‌ထောက်ပံ့မှုများလိုအပ်ခြင်း ‌ကြောင့် ယခုလို စီစဉ်‌နေရခြင်းဖြစ်သည်ဟု ‌နော်‌ဝေး‌ရောက် ‌စောဆာ့က‌ပေါ်ဝါးက ‌ပြောသည်။

၎င်းက “ကျ‌နော်နဲ့ ကျ‌နော့်သူငယ်ချင်းနှစ်‌ယောက် ပြန်ပြီးကူညီ‌ပေးမယ်။ အ‌မေရိကန်က သူငယ်ချင်း တစ်‌ယောက် နဲ့ ‌ဒေါ်လာ ၂၅၀ဝ မတည်ပြီး‌တော့ အွန်လိုင်းရန်ပုံ‌ငွေ ဖွင့်လိုက်တယ်။ တကယ်လို့ ရန်ပုံ‌ငွေရရင် လူ‌သော‌တောင် ‌ပေါ်ပြန်ပြီး စစ်‌ပြေး‌ရှောင်‌နေရတဲ့ ကျ‌နော်တို့ ကရင်‌တွေကို ပြန်ကူညီမယ်‌ပေါ့။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အွန်လိုင်းရန်ပုံ‌ငွေအ‌ကောင့်ဖွင့်ပြီး‌နောက် နိုင်ငံတကာ‌ရောက် ကရင်အသိုင်းအဝိုင်းမှ ဝိုင်းဝန်း ပါဝင် ထည့်ဝင်ခြင်း‌ကြောင့် ၄ ရက်အတွင်းအ‌မေရိကန် ‌ဒေါ်လာ ၅၀,၀၀၀(ငါး‌သောင်း)ရရှိခဲ့ပြီး ထပ်မံဝင်‌ရောက်လာ မည်စိုး၍ ရန်ပုံ‌ငွေ အ‌ကောင့်ကို ပိတ်ထားရ‌ကြောင်းလည်း ‌စောဆာ့က‌ပေါ်ဝါးက ဆက်‌ပြောသည်။

အဆိုပါ ရရှိလာသည့် ရန်ပုံ‌ငွေများဖြင့် ယခုလအတွင်း စစ်‌ပြေး‌ရှောင်‌ဒေသသို့ ပြန်လာ၍ စစ်‌ပြေး‌ရှောင်များအ တွက် လိုအပ်သည့် အဓိက စားနပ်ရိက္ခာများ၊ ‌ဆေးဝါးများနှင့် အကာအကွယ်ပစ္စည်းများအပြင် ‌ငွေ‌ကြေးများကို ပါ ‌ဒေသတာဝန်ရှိသူများနှင့် ပူး‌ပေါင်း၍ ကူညီ‌ထောက်ပံ့သွားမည်ဟုသိရသည်။

ယခင် ‌ဖေ‌ဖော်ဝါရီလ ပထမအပတ်ခန့်က တပ်မ‌တော်မှ လူ‌သောမြို့နယ် တကူဒဲ ‌ကျေးရွာအတွင်းသို့ လက် နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း‌ကြောင့် လူဦး‌ရေ ၃၀ဝ ‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး လက်ရှိ တွင် ပဋိပက္ခ‌ဒေသအတွင်းရှိ‌နေသည့် စစ်‌ဘေးသင့်ပြည်သူ လူဦး‌ရေ (၂,၁၃၇) ဦးရှိ‌နေ‌ကြောင်း နယ်‌မြေခံ တာဝန်ရှိသူများနှင့် အရပ်ဖက်ကရင်အဖွဲ့အစည်းများ၏ ‌ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

လက်ရှိ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသူအချို့ထဲတွင် နာမကျန်းဖြစ်‌နေသည့် သက်ကြီးရွယ်အိုများပါဝင်သလို ‌ကျောင်းသားက‌လေးငယ်များလည်းပါဝင်ကာ ၎င်းတို့အတွက် ကျန်းမာ‌ရေးနှင့် ပညာ‌ရေးအခက်အခဲများရှိ‌နေပြီး ၎င်းကိစ္စကို ‌ဖြေရှင်း‌ပေးရန် သက်ဆိုင်ရာ ဗဟိုဌာနအဆင့်ဆင့်သို့ တင်ပြထား‌ကြောင်းလည်း KNU မူတ‌ရော်ခရိုင် က ဆိုထားသည်။