Home သတင်း ကရင်ပြည်နယ်တွင်းရှိ ရှမ်းလူမျိုးကိုယ်စား ‌ပြော‌ရေးဆိုခွင့်ရှိမည့် ‌ရေးရာဝန်ကြီး‌နေရာ ထည့်သွင်း‌ရွေးချယ်ရန် လိုအပ်

ကရင်ပြည်နယ်တွင်းရှိ ရှမ်းလူမျိုးကိုယ်စား ‌ပြော‌ရေးဆိုခွင့်ရှိမည့် ‌ရေးရာဝန်ကြီး‌နေရာ ထည့်သွင်း‌ရွေးချယ်ရန် လိုအပ်

2536
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီလ ၇ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်တွင်းရှိ ရှမ်းတိုင်းရင်းသားများကိုယ်စား ‌ပြော‌ရေးဆိုခွင့်ရှိမည့် ရှမ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး တစ်‌နေရာအတွက် ကိုယ်စားလှယ်တစ်ဦး ထည့်သွင်း‌ရွေးချယ်ခွင့်ရရှိရန် လိုအပ်‌ကြောင်း ကရင်ပြည်နယ် ရှမ်းစာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း ဥက္ကဋ္ဌဖြစ်သူ မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးအိုက်ကျန်းခမ်းက ‌ပြောသည်။

ယ‌နေ့ ‌ဖေ‌ဖေါ်ဝါရီ ၇ရက် နံနက်ပိုင်းက မြဝတီမြို့ ‌ဝှေ့ရှမ်း‌ကျေးရွာတွင် (၁၉) ကြိမ်‌မြောက်အဖြစ် ကျင်းပပြုလုပ် ‌သော (၇၃)နှစ်‌မြောက် ရှမ်းအမျိုးသား‌နေ့ အခမ်းအနားအပြီးတွင် ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့ ရှမ်းစာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်းက‌နေပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ‌နောက်ဆုံး‌ကောက်ခံခဲ့တဲ့ စာရင်းအရ ကရင်ပြည်နယ်အတွင်းမှာ ရှမ်းတိုင်းရင်းသား ၆၉,၀၀ဝ ‌ကျော် ‌နေထိုင်လျက်ရှိပါတယ်။ ပြည်နယ်တွင်း လူဦး‌ရေရဲ့ (၀.၁) ရာခိုင်နှုန်း‌ကျော်ရှိတယ်။ ဥပ‌ဒေအရ လူမျိုးစုကိုယ်စားလှယ်ထားရှိဖို့ လုံ‌လောက်တဲ့ အ‌ရေအ တွက် ပြည့်မှီပါတယ်။ အဲ့ဒီလို ရရှိဖို့အတွက်လည်း ပြည်နယ်လွှတ်‌တော်မှာ ကိုယ်စားလှယ်တစ်ဦးအ‌နေနဲ့ တင်ပြ ထားတာ‌တွေရှိပါတယ်”ဟု ဦးအိုက်ကျန်းခမ်းက ‌ပြောသည်။

ယခုလို ရှမ်းတိုင်းရင်းသားအ‌ရေးအရာကို လုပ်‌ဆောင်မည့် ‌ရေးရာဝန်ကြီးမရှိ‌သေးသည့်အတွက် ပြည်နယ်တွင်းရှိ ရှမ်းတိုင်းရင်းသားလူမျိုးများအတွက် နစ်နာမှုများရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့(SNLD) ၏ ကရင်ပြည်နယ်မှ စိုင်း‌ကောင်းသက်စံက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ဝန်ကြီးမရှိတဲ့အတွက် နစ်နာမှုရှိတယ်။ ကုန်ကုန်‌ပြောရရင် ဒီနှစ်ရှမ်းစာ‌ပေ သင်ကြားဖို့ဘတ်ဂျက်က လုံလုံ‌လောက်‌လောက်မရှိတာမျိုး‌တွေ‌ပေါ့‌နော်။ မွန်တို့၊ ကရင်တို့ ၊ ပအိုဝ်းတို့ သူတို့ စာ‌ပေ သင်တန်းဆင်းဖို့အ တွက် ‌ငွေ‌ကြေးအလုံအ‌လောက်ရ‌ပေမယ့် ကျ‌နော်တို့ ရှမ်း‌တွေက အလုံအ‌လောက်မရဘူး။ ကိုယ်ထူကိုယ်ထနဲ့ အလှူရှင်‌တွေရှာပြီး သင်ရတာများတယ်။ အဖက်အဖက်က နှိမ့်ကျတယ်။ ဒါကို ကျ‌နော်တို့‌တွေ စုပြီး လက်မှတ်ထိုးပြီး‌တော့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို စာတင်ပါမယ်။”ဟု ‌ပြောသည်။

ယ‌နေ့ ‌ဖေ‌ဖေါ်ဝါရီ ၇ ရက်‌နေ့တွင် ကျ‌ရောက်‌သော ရှမ်းအမျိုးသား‌နေ့ အခမ်းအနားကို မြဝတီမြို့နှင့် ၉ မိုင်ခန့် အကွာ ‌ဝှေ့ရှမ်း‌ကျေးရွာတွင် ကျင်းပရာ အခမ်းအနားသို့ ကရင်ပြည်နယ် လွှတ်‌တော် ဥက္ကဋ္ဌ ဦး‌စောချစ်ခင်၊ လွှတ်‌တော် ဒုဥက္ကဋ္ဌ ‌ဒေါ်နန်းသူဇာဝင်း၊ မြဝတီမြို့မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင် နှင့် ဦးအိုက်ကျန်းခမ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ ရှမ်းတိုင်းရင်းသားများ၊ မွန်ပြည်နယ် သထုံမြို့နယ်နယ်မှ ရှမ်းတိုင်းရင်းသားများ၊ ဖိတ်ကြားထား‌သော ဧည့်သည်‌တော်များနှင့် ‌ဒေသတွင်း ရှမ်းတိုင်းရင်းသား (၄၀၀) ‌ကျော်ခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါ်နန်းခင်‌ထွေးမြင့်မှ ‌ပေးပို့‌သော (၇၃)နှစ်‌မြောက် ရှမ်းအမျိုး သား‌နေ့ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ တက်‌ရောက်လာသူများမှ ရှမ်းအမျိုးသား‌နေ့ (သို့မဟုတ်) ရှမ်းပြည် နယ်‌နေ့ ဖြစ်‌ပေါ်လာပုံနှင့် စပ်လျဉ်း၍ ‌ပြောကြားခဲ့သည်။

၁၉၄၇ ခုနှစ် ‌ဖေ‌ဖေါ်ဝါရီလ ၇ရက်‌နေ့တွင် ပ‌ဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး ရှမ်းပြည်နယ် ‌စော်ဘွားများ ‌ကောင်စီ‌ပြောင်းလဲဖွဲ့စည်းပြီး‌နောက် ‌ကောင်စီဥက္ကဋ္ဌဖြစ်သူ စဝ်ခွန်ပန်းစိန်က ရှမ်းအမျိုးသား‌နေ့၊ ရှမ်းအမျိုး သားသီချင်း၊ ရှမ်းအမျိုးသားအလံတို့ကို အမိန့်စာဖြင့် ထုတ်ပြန်ခဲ့သည်။ ထို‌နေ့ကို အစွဲပြု၍ ရှမ်းအမျိုးသား ‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုလို ရှမ်းအမျိုးသား‌နေ့ကို ကျင်းပပြုလုပ်ရခြင်းမှာ ရှမ်းစာ‌ပေနှင့် ယဉ်‌ကျေးမှု မပ‌ပျောက်‌စေ‌ရေးနှင့် တိုး တက်ပြန့်ပွား‌စေ‌ရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်‌ကြောင်း ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်တစ်ဦးက ‌ပြောကြားသည်။

ယခုကဲ့သို့ မြဝတီမြို့နယ် ‌ဝှေ့ရှမ်း‌ကျေးရွာတွင် ကျင်းပသည့် ရှမ်းအမျိုးသား‌နေ့အပါအဝင် ကရင်ပြည်နယ်အတွင်း ရှမ်းစာ‌ပေနှင့် ယဉ်‌ကျေးမှု အသင်းက ၂၀၁၆ ခုနှစ်မှ စတင်ဦးစီး၍ ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ဖာပွန်မြို့ နယ်တွင်လည်း‌ကောင်း၊ ရှမ်း‌ကောက်သစ်စားပွဲ‌တော်ကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း‌ကောင်း အသီးသီးကျင်းပလျက်ရှိ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး နှင့် ဖာပွန်မြို့နယ်ထဲတွင် ရှမ်းတိုင်းရင်းသားအများစု ‌နေထိုင်ကြသည်ဟု သိရသည်။