ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထီဟူးသံကျေးရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၅ရက်) ညနေက သစ်ကုန်တင် ယာဉ်တစ်စီး ရွာအဝင်ဆိုင်းဘုတ်ဝင်တိုက်၍ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်မှယာဉ်နောက်လိုက်တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃နာရီဝန်းကျင်ခန့်တွင် အသက်(၃၀)နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ မောင်မောင် မောင်းနှင် လာသည့် သစ်တင်ကားသည် ထီဟူးသံ ကျေးရွာအဝင် ဆိုင်းဘုတ်ကို ယာဉ်အရှိန်ဖြင့် ဝင်တိုက်သွားခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ယာဉ်နောက်လိုက် အောင်စိုး (၂၁)နှစ်တို့မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရာ ကျန်ယာဉ်နောက်လိုက် စောကျော်လင်းထိုက်(၁၉)နှစ်မှာ ဝဲဘက်ခြေထောက်ကြေမွဒဏ်ရာရရှိခဲ့သည်ဟု ကော့ကရိတ် မြို့မ စခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကားက ကော့ကရိတ်ကနေ ထီဟူးသံ လမ်းဘက်ကို မောင်းသွားတာပေါ့။ သူက အရှိန်ပြင်းပြီးတော့ မောင်းတာ။ သူ့ကားပုံစံက သစ်တင်တဲ့ကားပုံစံပဲ။ ဘာမှလည်းမပါလာဘူး။ ကုန်ပစ္စည်းမပါပဲ လူသက်သက်ချည်းပဲဆိုတော့ အရမ်း ပေါ့ပေါ့လျော့လျော့မောင်းတာဖြစ်မယ်။ အဲ့မှာ ဆိုင်းဘုတ်ကို ဝင်တိုက်တာပေါ့။” ဟု ပြောသည်။
အဆိုပါဒေသတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ချောမွေ့လာသဖြင့် ၎င်းအပေါ် ယာဉ်မောင်းအများစုမှာ အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်မှုများ ပြုလာကြသလို ကားကြံ့ခိုင်ရေး စစ်ဆေးမှုအားနည်းခြင်းများကြောင့် ယခုလို ဖြစ်စဉ်များ ဖြစ် နိုင်ကြောင်းလည်း ဒုရဲမှူးထူးအောင်ရွှေက ဆက်ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့် ယာဉ်မှာ ယာဉ်အမှတ် ဆ/ ၆၁၅၅ ဖြစ်ပြီး သေဆုံးသူ နှစ်ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ သုံးဦးစ လုံးမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၂၀)ခန့် ဆုံးရှုံးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၎င်းဖြစ်စဉ်အတွက် တောင်ကြာအင်းရဲကင်း စခန်းမှူး ဒုရဲအုပ် မိုးအောင်ကျော်မှ တရားလိုပြု၍ ကော့ကရိတ်မြို့မ ရဲစခန်းသို့ ယာဉ်(ပ) ၆/၂၀၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈ ဖြင့် အမှုဖွင့် တိုင်ကြားထားပြီး ဒုရဲအုပ် မိုးအောင်ကျော်မှ လိုအပ် သည့်များကို စစ်ဆေး ဆောင်ရွက်နေကြောင်းလည်း မြို့မ ရဲစခန်းက ဆိုသည်။
ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ ပေါ့လျော့သော ပြုလုပ်မှုကို ပြုလုပ်၍ လူသေစေမှုအတွက် ထောင်ဒဏ် (၇)နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ပြီး ပုဒ်မ ၃၃၈ အရလည်း ထောင်ဒဏ် (၅)နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။