Home သတင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများတွင် ပါတီများ၏ သ‌ဘောထားရယူရန် UNA ‌ပြော

တရုတ်ရင်းနှီးမြှုပ်နှံမှုများတွင် ပါတီများ၏ သ‌ဘောထားရယူရန် UNA ‌ပြော

2280
Photo: UNA

ဇန်နဝါရီ ၂၇ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောထွန်းလင်း

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင် လာ‌ရောက်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းလုပ်ငန်းကြီးများတွင် နိုင်ငံ‌ရေးပါတီ များ၏ သ‌ဘောထားကိုလည်း ရယူရန် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) က ဇန်နဝါရီ ၁၆ ရက်တွင် သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုသည်။

နိုင်ငံ‌ရေးပါတီများ အ‌နေဖြင့် ပြည်သူများကို ကိုယ်စားပြုရန် တည်‌ထောင်ထားခြင်းဖြစ်‌သော်လည်း လက်ရှိ နိုင်ငံ‌ရေး ပါတီများ၏ အခန်းကဏ္ဍသည် ‌မေးမှိန်‌နေကာ ပါတီများ၏ ကဏ္ဍကို ထည့်သွင်းစဉ်းစားခြင်း၊ ‌နေရာ‌ပေးခြင်း မျိုးနည်း ‌နေသည့်အတွက် ယခုလိုထုတ်ပြန်‌ပြောဆိုရခြင်းဖြစ်သည်ဟု UNA အတွင်း‌ရေးမှူး အဖွဲ့ဝင် ဦးမျိုး‌ကျော်က ‌ကေအိုင်စီသို့ ဇန်နဝါရီ ၁၇ ရက်တွင်‌ပြောသည်။

၎င်းက “တစ်ခုခု ပြဿနာဖြစ်လာပြီးဆိုရင်‌တော့ နိုင်ငံ‌ရေးပါတီ‌တွေဘက်ကို တည်လာကြတယ်ဗျာ။ ဒါ‌ပေမဲ့ ဒီဟာ‌တွေမတိုင်ခင် ရင်းနှီးမြှုပ်နှံမှု‌တွေလာတဲ့ အချိန်အခါမျိုးမှာ ရင်းနှီးမြုှပ်နှံသူက ‌သော်လည်း‌ကောင်း အာဏာ ပိုင်အဖွဲ့အစည်းက ‌သော်လည်း‌ကောင်း အသိ‌ပေးမှု၊ တိုင်ပင်‌ဆွေး‌နွေးမှု ပြု‌လေ့ပြုထ မရှိကြဘူး။ ဒါ‌ကြောင့် အခု တရုတ်သမ္မတကြီးလာတယ်။ ‌သေချာပါတယ် သူတို့နဲ့အတူ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေ တကယ့် Mega Project (ကြီးမား‌သောစီမံကိန်း)‌တွေကို MOU ထိုးကြပါလိမ့်မယ်။ ‌ရှေ့တုန်းကလုပ်ခဲ့တာက‌တော့ လုပ်ပြီးပြီ‌ပေါ့ဗျာ။ အခုအချိန်က စပြီး‌တော့ ပြုပြင်နိုင်‌အောင်ပါ” ဟု ‌ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများသည် ‌ဒေသတွင်း‌နေနိုင်ငံသားများ၏ သ‌ဘောတူညီမှုနှင့်၊ လူထုကိုယ်စားပြု နိုင်ငံ‌ရေးပါတီများ၏ သ ‌ဘောတူညီမှုမရှိက လူထုအကျိုးစီးပွားကို ‌ဆောင်ကျဉ်းနိုင်မည် မဟုတ်သလို အနိမ့်ဆုံးအားဖြင့် စီမံကိန်း စတင်ချိန်တွင် ‌ဒေသခံလူထုနှင့် လူထုကိုယ်စားပြု နိုင်ငံ‌ရေးပါတီများ၏ သ‌ဘောထားရယူရမည်ဟု UNA ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်၊ လူမှုစိန်‌ခေါ်ချက်များ ဖျန်‌ဖြေ‌ပေးနိုင်သည့် ယန္တရားများ၊ ဥပ‌ဒေများရှိပြီးမှသာ စီမံကိန်း ‌ဆောင်ရွက်ရန်၊ စီမံကိန်းနှင့်ပတ်သက်၍ စဉ်းစားခြင်း၊ အတည်ပြုခြင်း၊ ကွင်းဆင်းခြင်း စသည့် လုပ်ငန်းစဉ် အဆင့်တိုင်း တွင် ဆိုင်ရာနိုင်ငံ‌ရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်သူတို့၏ သ‌ဘောထားကို ရယူရန်လိုသည်ဟု တိုက်တွန်းထား သည်။

UNA အ‌နေဖြင့် ဖက်ဒရယ်စနစ်ကို အ‌ထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှု အ‌ကောင်းမြင်ကြိုဆိုသလို သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှု‌ဂေဟစနစ် ထိခိုက်ခြင်း မဖြစ်‌စေရန် စဉ်ဆက်မပြတ်တိုက်တွန်းပြီးခဲ့ပြီး ယခုလို ထုတ်ပြန် ‌ပြောဆိုရန်အတွက် ၂၀၁၉၊ ဒီဇင်ဘာလအတွင်းက စီးပွား‌ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အခြားကျွမ်းကျင်သူ များနှင့် ‌တွေ့ဆုံကာ တမျိုးသားလုံးနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို သုံးသပ်ကာ ယခုလို ထုတ်ပြန် ‌ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ အများဆုံးလာ‌ရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံများမှာ ၂၀၁၉၊ နိုဝင်ဘာကုန်ထိ စာရင်းများအရ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ‌ဟောင်‌ကောင်နှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပြီး အများဆုံးရင်းနှီးမြှုပ်နှံမှု မှာ ‌ရေနံနှင့်သဘာဝဓါတ်‌ငွေ့လုပ်ငန်းဖြစ်ကာ စုစု‌ပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ဝ၄ (၂၇.၀၄)ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍ တွင် ၂၆ ဒသမ ၁၅(၁၆.၁၅) ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၁၄ ဒသမ ဝ၁ (၁၄.၀၁)ရာခိုင်နှုန်းတို့ ရှိ‌ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ‌ကော်မရှင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။