ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂ဝ ခုနှစ်။ စောရှား
ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာ ကြပါစေရန် ယနေ့(ဇန်နဝါရီလ ၁၇ ရက်)၊ ဖားအံမြို့အနောက်ဖက်ခြမ်း၊ ဘားကပ်ကျေးရွာအုပ်စု၊ နတ်ကုန်းရွာ၌ ပြုလုပ်သော ဆုတောင်းပွဲတွင် မေတ္တာပို့သခဲ့ကြသည်။
နတ်ကုန်းရွာအနီးရှိ “မြိုင်ကလေးဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးလောင်စာ အသုုံးပြုမှုကို ဖျက်သိမ်းပေး ရန် ရည်ရွယ်ပြုလုပ်သည့်မေတ္တာပို့ဆုတောင်းပွဲ”၌ ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်နှင့်တကွ အစိုးရအဖွဲ့ဝင်များ ကျန်းမာချမ်းသာစေရန် သံဃာတော်နှင့်ဒေသခံများ ထောင်ချီစုဝေး၍ ယခုလို ဆုတောင်းမှု ပြုလုပ်ခဲ့ခြင်း လည်းဖြစ်သည်။
ပွဲဦးဆောင်သူတစ်ဦးဖြစ်သည့်ရသေ့ပျံရွာမှစောခေါင်းပန်ထော့(စဝ်ခါန်.ပိုင်ထဝ့်)က“ဒုက္ခခံစားနေရတဲ့ ပြည်သူ လူထုဖက်ခြမ်းကနေပြီးအားပေးအားမြှောက်ပြုကာကွယ်ပေးနိုင်ဖို့အတွက် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကျန်း မာပါစေဆိုပြီး ဆုတောင်းမေတ္တာပို့သပေးတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ပြုလုပ်သည့် မေတ္တာပို့သဆုတောင်းပွဲ၌ ကျောက်မီးသွေးလောင်စာကို အသုံးပြုပြီးလည်ပတ်နေသော ဘိလပ်မြေစက်ရုံ မဖြစ်မြောက်စေရန်နှင့် ဖြစ်မြောက်ပါကလုံးဝရပ်ဆိုင်းသွားရန် ရည်ရွယ်ပြီးဆုတောင်းပွဲလုပ် ရခြင်းလည်းဖြစ်ကြောင်း စောခေါင်းပန်ထော့က ဆက်ပြောသည်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ မြိုင်ကလေး တန်(၄၀၀၀)ဘိလပ်မြေစက်ရုုံ အနီးရှိကျေးရွာအုုပ်စုများတွင် သဘာဝနှင့်ဆန့်ကျင်နေသည့်ရေအရည်အသွေးကျဆင်းမှုကြောင့်နေ့စဉ်အရေးပါလိုအပ်သည့် သောက်သုံး ရေနှင့် လူမှုစီးပွားဘေးဒုုက္ခကိုု ၂၀၁၉ခုနှစ်၊ အောက်တိုုဘာလမှစတင်ပြီး ယနေ့အချိန်ထိတိုုင်ခံစားနေရကြောင်း ဒေသခံများ၏ ပြောပြချက်များအရသိရသည်။
ထို့ကြောင့် ဒေသခံများ တွေ့ကြုံခံစားနေရဆဲဖြစ်သည့် ရေအရည်အသွေးကျဆင်းခြင်းနှင့် နောက်ဆက်တွဲဖြစ် ပေါ်လျက်ရှိသည့်ဘေးဥပါဒ်များကို ကုုစားကာကွယ်ရန်ဆရာတော်များနှင့်ကျေးရွာလူထုုများမှဦးစီးပြီး ရိုုးရာ ဓလေ့ယုုံကြည်မှုဖြင့် ကျေးရွာများစုုပေါင်းကာ ဆုုတောင်းပွဲ အခမ်းအနားတစ်ရပ် ပြုလုပ်ရခြင်းဖြစ်ကြောင်း လည်း ပွဲဦးဆောင်သူများက ပြောသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်နှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ ကျောက်မီးသွေး ဒဏ်ခံ စားရသော ပြည်သူများအား ဘေးအန္တရာယ်ကင်းဝေးစေရန် မေတ္တာပို့ ဆုတောင်းခြင်း၊ ဒေသခံများ၏ လတ်တ လော အခက်အခဲများအား ထုတ်ဖော်ပြောကြားခြင်း၊ ကျောက်မီးသွေးလောင်စာ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ် လာသည့် အကျိုးဆက်များအား ကိုယ်တိုင်ကြုံတွေ့ ခံစားရသူများမှ ၎င်း၏ အတွေ့အကြုံကို ဝေငှခြင်း၊ ဆု တောင်းပွဲ သက်သေတစ်ရပ်အဖြစ် ကျောက်တုံးများစုပုံ၍ ဆန္ဒပြုထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ ဆုတောင်းပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ ဘားကပ်၊ မြိုင်ကလေး၊ ရသေ့ပျံ စသည့် ကျေးရွာအုုပ်စုုများအတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာကျော်မှ ရွာသူရွာသားများ၊ မွန်နှင့်ရှမ်းပြည်နယ်မှ ကျောက်မီးသွေးဒဏ်သင့်နေသော တိုင်းရင်းသားများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO)များ စုစုပေါင်း လူဦးရေ ၂,၀၀ဝ နီးပါး လာရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။