Home သတင်း ၆၁ ကြိမ်‌မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးပြိင်ပွဲတွင် ‌စောအယ်ခူ ချန်ပီယံ ဆုရရှိ

၆၁ ကြိမ်‌မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးပြိင်ပွဲတွင် ‌စောအယ်ခူ ချန်ပီယံ ဆုရရှိ

2433
Cross Country (MTB) ပြိုင်ပွဲတွင် ပထမဆုနှင့် အ‌ကောင်းဆုံးကစားသမားဆုတို့ကို ရရှိသွားသည်။


ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် တို့က ကြီးမှူး ကျင်းပသည့် ၆၁ ကြိမ်‌မြောက် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ Cross Country (MTB) ပြိုင်ပွဲတွင် ကရင် လူငယ်‌စောအယ်ခူသည် ပထမဆုနှင့် အ‌ကောင်းဆုံးကစားသမားဆုတို့ကို ရရှိသွားသည်။

အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းတွင် မန္တ‌လေးတိုင်း‌ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ‌နေကာ‌တောင် တွင်ကျင်းပခြင်းဖြစ်ပြီး ‌တောင်တက်စက်ဘီး အမျိုးအစား (MTB) ဖြင့် ၂၈ ကီလိုမီတာ‌ကျော် လမ်းကြမ်းများကို ဖြတ်‌ကျော် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

မြန်မာပြည်ချန်ပီယံ ဖြစ်သွားသူ ‌စောအယ်ခူက “ အမျိုးသား တံခွန်စိုက်ပြိုင်ပွဲမှာ ဒီဇင်ဘာ ၁၂ ရက်‌နေ့တုန်းက တစ်ဦးချင်းကွင်းပတ် ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်။ အဲ့ပွဲမှာ ဒုတိယရတယ်။ ‌နောက်ဆုံး‌နေ့မှာ တစ်ဦးချင်း ‌မောင်း တိန်းပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ အ‌ကောင်းဆုံးကစားသမားဆုရရှိလို့ ဝမ်းသာပါတယ်။ အဖက်ဖက်က ပံ့ပိုး‌ပေးတဲ့သူ ‌တွေ၊ ကျ‌နော့်ကို ကူညီပံ့ပိုးတဲ့ စက်ဘီးဆိုင်‌တွေ အားလုံးကို ‌ကျေးဇူးတင်‌ကြောင်း ‌ပြောလိုပါတယ်။ ကျ‌နော် ဆက်ကြိုးစားပါဦးမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၆၁ ကြိမ်‌မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပခြင်းဖြစ်ပြီး ပြိုင် ပွဲတွင် အသင်းလိုက်ပြိုင်ပွဲ၊ တစ်ဦးချင်း စံချိန်ပြုပြိုင်ပွဲနှင့် ကွင်းပတ်ပြိုင်ပွဲ (Criterium)၊ တာ‌ဝေးစက်ဘီးပြိုင်ပွဲ၊ BMX ပြိုင်ပွဲ၊ Downhill စက်ဘီးပြိုင်ပွဲနှင့် Cross Country (MTB) ပြိုင်ပွဲတို့ ထည့်သွင်းကျင်းပခဲ့သည်။

‌စောအယ်ခူသည် ၂၀၁၇ ခုနှစ်တွင် မြန်မာပြည်‌မောင်းတိန်းစက်ဘီး ချန်ပီယံအဖြစ်ဆုရခဲ့ဖူးပြီး ယခု ဒုတိယ အကြိမ် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယခုနှစ်အတွင်းကျင်းပသည့် ‌တောင်ကြီးဖိတ်‌ခေါ် ‌တောင်တက်စက်ဘီးပြိုင်ပွဲ၌ လက်‌ရွေးစင်အတန်းတွင် ပထမ၊ ဖားအံ ကြားအင်း‌တောင်တက်ဖိတ်‌ခေါ် ပြိုင်ပွဲ၌ လက်‌ရွေးစင်အတန်းတွင် ဒုတိယ၊ ပထမအကြိမ် ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲတွင် ဒုတိယ၊ ဒုတိယ အကြိမ် ရန်ကုန်ကွင်းပတ်စက်ဘီးပြိုင်ပွဲတွင်လည်း ဒုတိယ ဆုအသီးသီးရရှိခဲ့သည်။

အသက် ၂၁ အရွယ် မြန်မာပြည် ‌မောင်းတိန်းစက်ဘီးချန်ပီယံ ‌စောအယ်ခူသည် အင်းစိန်မြို့နယ်၊ ‌တောင်သူ ကုန်း ရပ်ကွက်တွင် ‌နေထိုင်သူ တစ်ဦးဖြစ်သည်။ သူသည်အလယ်တန်း ‌ကျောင်းသားဘဝမှ စတင်ကာ စက်ဘီး ‌လောကသို့ ဝင်‌ရောက်ခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဖိတ်‌ခေါ်စက်ဘီးပြိုင်ပွဲများတွင် နိုင်ငံကိုယ့်စားပြု ဝင် ‌ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။