
ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် လူငယ်ထုကြားအတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမြှင့် တက်လျက်ရှိပြီး WY မူးယစ်ဆေးများကို လောင်းကစား ဂိမ်းရုံများတွင်တစ်လုံးလျှင် ကျပ်ငွေ ၁,၀၀ဝ နှင့် ၁,၅၀ဝ အထိသာ အလွယ်တကူ ဝယ်ယူသုံးစွဲခဲ့နိုင်သည်ဟု မူးယစ်ဆေးဖြတ်လူငယ်များက ပြော သည်။
ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးဘုရားလမ်းရှိ မြဝတီခရိုင်လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးရုံး၌ ယာယီဖွင့်လှစ်ထားသည့် မူးယစ်ဆေး စွဲသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် မူးယစ်ဆေးဖြတ်လူငယ်များက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးလာဖြတ်သူ အသက် ၁၈ နှစ်အရွယ် မောင်ပြည့်လှိုင်ဦးက “ကျနော် မြဝတီမြို့က ငါးဂိမ်းလောင်းကစားရုံ အတော်များများမှာ မူးယစ်ဆေးဝါးကို ကျပ် (၁၀၀၀)ထောင်၊ ၁၅၀ဝ နဲ့ ဝယ်ယူသုံးစွဲခဲ့ပါတယ်။ အဲ့ဒီလို မူးယစ်ဆေးသုံးစွဲစဉ်ကာလမှာ မိသားစုအရေးနှင့် ပတ်ဝန်းကျင် အတွက် ဘာကောင်းကျိုးမှ မပြုနိုင်သလို မိမိကိုယ်တိုင်ကလည်း အလုပ်မှာ စိတ်မဝင်စားတဲ့အတွက် လောကကြီးမှာ လူပိုတစ်ယောက်လိုဖြစ်နေပါတယ်။ ”ဟု ပြောသည်။
ထို့အပြင် ယခုလို ဒီဆေးဖြတ်စခန်းမှ သင်ကြားရသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ပိုပြီး သိလိုက်ရသည့်အတွက် ပြင်ပလောကကို ပြန်ရောက်သည့်အခါ မိမိကိုယ်တိုင်လည်း မူးယစ်ဆေး မသုံးစွဲတော့ဘဲ ပတ်ဝန်းကျင်ရှိ လူငယ်များကိုလည်း မူးယစ်ဆေးကို စမ်းသပ်စရာအဖြစ် မသုံးစွဲကြရန် တိုက်တွန်းသွားမည်ဟု မောင်ပြည့်လှိုင်ဦးက ဆက်ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် လူငယ်ထုကြား မူးယစ်ဆေးဝါးသုံးစွဲမှုမြှင့် တက်လျက်ရှိသော်လည်း မူးယစ်ဆေးဖြန့်ဖြူးသူများကို ဖမ်းဆီးအရေးယူမှုပြုလုပ်ရာတွင် အခက်အခဲရှိနေသည်ဟု ကရင်ပြည် နယ်မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက သုံးသပ် ပြောဆိုသည်။
ဦးကျော်ဆန်းဦးက “မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူး သူတွေကို သက်ဆိုင်ရာမူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့တွေ ကတော့ ဖမ်းတာတော့ ဖမ်းနေတယ်။ မြဝတီမြို့က နယ်စပ်မြို့ဖြစ်ပြီး အဖွဲ့စုံရှိတဲ့ မြို့ဆိုတော့ တစ်ချို့ဖမ်းဆီးတဲ့နေရာမှာ အခက်အခဲတွေရှိနေတယ်လို့ ထင်မိတယ်” ဟု သုံးသပ်ပြောဆို သည်။
၎င်းအပြင် အဆိုပါ မူးယစ်ဆေးစွဲလူငယ်များကို ၎င်းတို့အသင်းအနေဖြင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ဆေးဖြတ်စခန်းများဖွင့်လှစ်ပေးခဲ့ရာတွင် ဝှေ့ရှမ်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် မူးယစ်ဆေးဖြတ်စခန်းမှ ဆေးစွဲလူငယ် ၃ဝဦးအား ဆေးဖြတ်ပေးခဲ့ကြောင်း၊ မြဝတီခရိုင်ပြန်လည် ထူထောင်ရေးရုံးတွင် ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းမှာ ဆေးစွဲလူငယ် ၂၅ ဦး အား စခန်းသွင်းဆေးဖြတ်ပေးနေသလို လာမည့် ဒီဇင်ဘာ ၄ ရက်နေ့တွင် မင်းလက်ပံကျေးရွာတွင် အစိုးရအထောက်အပံ့ဖြင့် ဆေးဖြတ်စခန်း ဖွင့်လှစ်ရန်လျာထားကြောင်းလည်း ပြည်နယ် မူးယစ်ဆေးစွဲ သူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် လူငယ်ထုကြား မူးယစ်ဆေးဝါး ၈၅ ရာခိုင်နှုန်းအထိ ပျံ့နှံ့နေကြောင်း မြဝတီမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က သုံးသပ်ပြောဆိုမှုများရှိသည်။ ယခုလို မူးယစ်ဆေးဝါး များ ဖမ်းဆီးရာတွင် အကိုင်းအဖျား အနည်းအကျဉ်းရောင်းဝယ် ဖြန့်ဖြူးသူကိုသာမဟုတ်ပဲ အမှန်တ ကယ် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း မြဝတီမြို့ခံများက ပြောသည်။