Home သတင်း ပထမဦးဆုံးအကြိမ် ဇွဲကပင်‌တောင်အတက်အဆင်းပြိုင်ပွဲ ကျင်းပမည်

ပထမဦးဆုံးအကြိမ် ဇွဲကပင်‌တောင်အတက်အဆင်းပြိုင်ပွဲ ကျင်းပမည်

3785

ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ကျက်သ‌ရေ‌ဆောင် ဇွဲကပင်‌တောင်တွင် မည်သူမဆိုပါဝင်နိုင်သည့် အခွင့်အ‌ရေး တစ်ခုဖြစ်သည့် ပထမဦးဆုံးအကြိမ် ဇွဲကပင်‌တောင်အတက်အဆင်း ပြိုင်ပွဲကို လာမည့် ၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။

ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များအား ကရင်ပြည်နယ်အတွင်း ခရီးသွားလာခြင်း စိတ်ဝင်စားမှုမြင့်တက်လာ‌ရေးနှင့် ခရီးသွားကဏ္ဍမြင့်တက်လာ‌ရေးအတွက် ရည်ရွယ်သည့် အဆိုပါဇွဲကပင်‌တောင်တက်ပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရလမ်းညွှန်ချက်နှင့် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦး‌ဆောင်ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ် အား/ကာ ဒုတိယညွှန်ကြား‌ရေးမှူး စတင်‌အောင်မြင့်က“ စိတ်ပါဝင်စားတဲ့လူ ပြိုင်လို့ရတဲ့ပွဲပါ ။ ကရင်ပြည်နယ်မှာ တစ်ခါမှ ဒီလိုမကျင်းပဖူးဘူး။ အဓိက လူငယ်လူရွယ်‌တွေ‌ပေါ့၊ ဝင်ပြိုင်ဖို့ လည်း လူငယ်‌တွေကို ဖိတ်‌ခေါ်တယ် ။ တက္ကသိုလ်‌ကျောင်းက ‌ကျောင်းသူ‌ကျောင်းသား‌တွေလည်း အားကစား စိတ်ဓာတ်ရှိဖို့ လာပြိုင်ဖို့ ဖိတ်ထားတယ်။ ပြီး‌တော့ ‌တောင်‌ပေါ်မှာ ပစ္စည်းသယ်တဲ့လူ‌တွေ မကြာခဏ တက်ဖြစ်တဲ့လူ‌တွေရှိတယ် ။ သူတို့‌တွေကိုလည်း လာပြိုင်‌စေချင်တယ်”ဟု စတင်‌အောင်မြင့်က ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါဇွဲကပင်‌တောင်တက်ဆင်းပြိုင်ပွဲကို ကရင်ပြည်နယ်ခရီးသွားလာမှုမြှင့်တင်‌ရေးအပြင် အားကစား လိုက်စားသူများ အတွက် စိတ်ဓာတ်ခိုင်မာမှုမြှင့်တင်‌ရေး၊ သဘာဝ‌တော‌တောင်အလှခံစားနိုင်‌ရေးနှင့် လူငယ်များအားကစား လုပ်‌ဆောင်ခြင်းဖြင့် မလိုလားအပ်‌သော မူးယစ်‌ဆေးဝါး‌ဘေးမှကင်းရှင်း‌ရေးစသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ၎င်းကဆက်‌ပြောသည်။

ဇန်နဝါရီလ ၁ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ‌တောင်အတက်အဆင်းပြိုင်ပွဲတွင် အသက် ၄ဝအထက် အမျိုးသားနှင့် အသက် ၄ဝအထက် အမျိုးသမီးအတန်း၊ အသက် ၄၀‌အောက် အမျိုးသားနှင့် အသက် ၄၀‌အောက် အမျိုးသမီးအ တန်းဟူ၍ သတ်မှတ်ထားပြီး စိတ်ပါဝင်စားသည့် မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်သည်ဟုသိရသည်။

၎င်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ရက်‌နေ့ နံနက်၆နာရီတွင် ဇွဲကပင်အ‌ရှေ့ဘက် ခ‌လောက်နို့ဘက်ခြမ်း သစ်ချ‌ကျေးရွာတွင် ‌တောင်အတက် တာလွတ်မည်ဖြစ်ပြီး ဇွဲပင်အ‌နောက်ဘက် ‌တော်ပုံရွာလုမ္မနီတွင် ပန်းဝင်အဖြစ်သတ်မှတ်ထားသည်။

ပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်အပြင် ရန်ကုန်၊ ‌မော်လမြိုင်နှင့် အခြား‌ဒေသများမှ စိတ်ပါဝင်စားသူ လက်ရှိ လူဦး‌ရေ ၅ဝ ‌ကျော် စာရင်း‌ပေးသွင်းထားပြီး ပြိုင်ပွဲဝင်လိုသူများအ‌နေဖြင့် ဒီဇင်ဘာလ ၂၇ ရက်‌နောက်ဆုံးထားကာ စာရင်း‌ပေးသွင်းရမည်ဖြစ်သည်။

ဆု‌ကြေး‌ငွေအဖြစ်အဆင့် ၁ မှ ၁ဝ အထိ ရရှိသူများကို ပထမဆု ၁ သိန်းခွဲ၊ ဒုတိယဆု ၁၂၅,၀၀ဝ (တစ်သိန်း နှစ်‌သောင်း ငါး‌ထောင်) ၊ တတိယဆု ၁သိန်း၊ စတုတ္ထုဆုနှင့် အခြားအဆင့် ၁ဝအတွင်း ပန်းဝင်သူများကိုလည်း အသီးသီးချီးမြှင့် သွားမည်ဟု စတင်‌အောင်မြင့်က ဆိုသည်။

ကရင်ပြည်နယ်၏ အမှတ် သ‌ကေင်္တတစ်ခုဖြစ်သည့် ဇွဲကပင်‌တောင်မှာ ပင်လယ်‌ရေမျက်နှာပြင်အထက် ၂,၃၇၂ ‌ပေ အမြင့် ‌ပေရှိပြီး ‌တောင်‌ခြေမှ ‌တောင်ထိပ်အထိ တက်‌ရောက်မည်ဆိုပါက သာမန်ခရီးသွား တက်‌ရောက်သူများအ‌နေဖြင့် ပျမ်းမျှ ကြာချိန် ၂ နာရီနှင့် ၃ နာရီကြာမြင့်သည်ဟု သိရသည်။