နိုဝင်ဘာ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော မြဝတီ-ကော့ကရိတ် အာရှ လမ်း ကော့ကရိတ်ဘက်ခြမ်း မိုင်တိုင် ၁၅၄နှင့် ၁၅၅ကြား (ဒေသအခေါ်နတ်စင်ကွေ့) နေရာတွင် ယနေ့ နိုဝင်ဘာ ၂၉ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က သဲကားနှင့် ထော် လာဂျီ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ထော်လာဂျီ ယာဉ်ပေါ်ပါ ခရီးသွား ၃ ဦး ထိခိုက် ဒဏ်ရာများရရှိပြီး ယာဉ်တိုက်မှုတွင် သဲကားမောင်းသူ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းတည့် (၁၂း၁၅) အချိန်ခန့်က မြဝတီ-ကော့ကရိတ်အာရှလမ်း နတ်စင်ကွေ့နေရာတွင် မြဝတီဘက်မှကော့ကရိတ်ဘက်သို့ မောင်းနှင်လာသော Canter အမျိုးအစား သဲများတင်ဆောင်လာသည့် ခြောက်ဘီးမော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ရောက်ရှိကာ တဖက်ယာဉ်ကြော မျက်နှာချင်း ဆိုင်မှ တက်လာသည့် ထော်လာဂျီ တိုက်မိခဲ့ရာ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၃ဦးမှာ ခြေ၊ လက် ဦးခေါင်းတို့တွင် ဒဏ်ရာအသီးသီးရရှိပြီး မြဝတီ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ကော့ကရိတ်မြို့မ စခန်း၏ ရဲမှတ်တမ်းအရ သိရသည်။
“ဖြစ်တာက နေ့လည် ၁၂ ကျော်လောက်မှာဖြစ်တာ၊ ကျနော်တို့ ဖားအံမြို့ လူမှုကူညီ ရေးအဖွဲ့၊ သထုံမြို့ သုဓမ္မဝတီလူမှုကူညီရေးအဖွဲ့၊ ကော့ကရိတ်ပုလဲဖြူ လူမှုကူ ညီရေးအဖွဲ့တွေက မြဝတီမြို့မှာ ပြုလုပ်မယ့် မြန်မာနိုင်ငံ လူမှုကူညီရေး အသင်းနှစ် ပတ်လည်အစည်းအဝေးသွားစဉ် မြဝတီ-ကော့ကရိတ်အာရှလမ်း နတ်စင်ကွေ့ အရောက်မှာ ယာဉ်တိုက်မှုနဲ့ဆုံခဲ့လို့ အခင်းဖြစ်နေရာက ထိခိုက်ဒဏ်ရာရတဲ့ လူနာ တွေကို အချိန်နှင့်တပြေးညီ မြဝတီခရိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်”ဟု ဖားအံမြို့လူမှုကူညီရေးအဖွဲ့မှ ဦးအောင်မြင့် က ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုမှ ထော်လာဂျီယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများသည် မန္တလေး တိုင်း ပျော်ဘွယ်မြို့အနီးနေသူများဖြစ်ကြကာ သထုံမြို့ ဈေးပွဲတော်တွင် ဈေးရောင်းပြီး မြဝတီမြို့ ရွှေကုကိ္ကုလ်၌ ပွဲဈေးတွင် ဈေးရောင်းရန်လာကြသူများဟု ၎င်းတို့၏ ပြောကြားမှုအရ သိရသည်။
လက်ရှိတွင် အဆိုပါ ထွက်ပြေးတမ်းရှောင်နေသည့် Canter ယာဉ်မောင်းသူ ယာဉ် မောင်းသူအား ယာဉ်ကိုမဆင်မခြင်မောင်းနှင်ပြီး အရှိလွန်ကာ တဖက်ယာဉ်ကြောရှိ ထော်လာဂျီအား ဝင်တိုက်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများကို ထိခိုက်ဒဏ်ရာရရှိ စေသည့်အတွက်ဟုဆိုကာ ကော့ကရိတ်မြို့မရဲစခန်းမှ (ပ)၅၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၂၀၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။