Home သတင်း ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ‌စောထူးက‌ပေါ် ကွယ်လွန်

ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ‌စောထူးက‌ပေါ် ကွယ်လွန်

2274

‌အောက်တိုဘာ ၂ဝရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောထူးက‌ပေါ်သည် ၎င်း၏ဇာတိ ကြာအင်းဆိပ်ကြီးမြို့ ‌နေအိမ်တွင် ‌အောက်တိုဘာလ ၁၉ရက် (ယမန်‌နေ့)ညက ကွယ်လွန်သွား‌ကြောင်း ကြာအင်း ဆိပ်ကြီးမြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ တာဝန်ခံ ‌စောမြဝင်းက အတည်ပြု‌ပြောဆိုသည်။

“သူက နုလုံး‌ရောဂါနဲ့ ‌ကျောက်ကပ်‌ရောဂါလည်း ရှိတယ်။ အသက်ရှုကြပ်လာပြီး‌တော့ ‌မော်လမြိုင်‌ဆေးရုံပို့ဖို့ ကြာအင်းဆိပ်ကြီး မြို့ အထွက်‌လေးမှာပဲ အ‌မော‌ဖောက်ပြီး‌တော့ ဆုံးသွားတာပါ။ ‌အောက်တိုဘာ ၁၇ရက်‌နေ့က ‌ဒေသဖွံ့ဖြိုး‌ရေးနဲ့ ပါတီအ‌ရေး ကွင်းဆင်း ရှင်းလင်းမှု လုပ်သွား‌သေးတယ်။ လွှတ်‌တော်မှာ‌တော့ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက်ဆို တွန်းတွန်းတိုက်တိုက် ‌တောင်းဆိုတဲ့ သူတစ်ဦးပါ။ ပြည်သူ့ကိုယ်စားလှယ်တစ်‌ယောက် ဆုံးရှုံးလိုက်ရတယ်လို့ မြင်မိတယ်”ဟု ‌စောမြဝင်းက ယ‌နေ့မနက်တွင် ‌ကေအိုင် စီသို့ ‌ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်လည်းဖြစ်သူ ‌စောထူးက‌ပေါ်သည် ကွယ်လွန်ချိန်တွင် အသက် ၄၃နှစ်ရှိပြီး ၎င်းသည် ပြည်နယ်လွှတ်‌တော်၏ တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ‌ကော်မတီ၊ စည်ပင်သာယာ‌ရေး ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးနှင့် စီးပွား‌ရေး‌ကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖောင်အွာက “အမျိုး သား‌ရေးအတွက်‌ရော၊ သူ့ပါတီအတွက်‌ရော တက်တက်ကြွကြွလုပ်‌နေသူတစ်ဦးပါ။ များ‌သောအားဖြင့် အမျိုးသား‌ရေးကိစ္စနဲ့ နိုင်ငံ အ‌ရေးကိစ္စ‌တွေမှာ စွမ်းစွမ်းတမံလုပ်တာ‌ပေါ့‌နော်။ မြို့နယ်တစ်ခုထဲမှာ ပါတီမတူ‌သော်လည်း နိုင်ငံအ‌ပေါ်၊ ပြည်သူ့အ‌ပေါ်ထားတဲ့ ရည်ရွယ်ချက်ပန်းတိုင်ချင်း တူပါတယ်။ ‌ဒေသအတွက်၊ ပြည်သူအတွက် ‌တောင်းဆို‌ပေးတဲ့လူတစ်ဦး ‌လျော့သွားတာ စိတ်မ‌ကောင်း ဖြစ်မိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ မဲအနိုင်ရရှိပြီး လာမည့် ၂ဝ၂ဝ ‌ရွေး‌ကောက်ပွဲတွင်လည်း ၎င်း၏မူလမဲဆန္ဒနယ်တွင် ထပ်မံ အ‌ရွေးခံရန် အဆိုပြုထားသူတစ်ဦးလည်းဖြစ်‌ကြောင်း ပါတီ တာဝန်ရှိသူထံမှ သိရသည်။

ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောထူးက‌ပေါ် ကွယ်လွန်ချိန်တွင် ဇနီး‌ဒေါ်သီသီ‌အောင်နှင့် သားတစ်ဦး ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပန အစီအစဉ်ကို ‌အောက်တိုဘာလ ၂၁ရက်‌နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။