အောက်တိုဘာ ၁၉ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း Karen Ethnic Entrepreneurs Association (KEEA) က ကရင်လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ရည်ရွယ် ဖွင့်လှစ်သည့် အခြေခံမုန့်ဖုတ်သင်တန်းကို အောက်တိုဘာ ၁၆ မှ ၁၈ ရက်ထိ ရန်ကုန်မြို့၊ အင်းစိန် မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ (ခ)၅ လမ်း၊ အမှတ် ၃၈၂ ၌ သုံးရက်တာ ပြုလုပ်ပြီးစီးသွားပြီး ဖြစ်သည်။
ယခု သင်တန်းသည် အခြေခံမုန့်ဖုတ်နည်းသင်တန်းဖြစ်ပြီး အဆင့်မြင့်သင်တန်း၊ မွန်းမံ သင်တန်းများ ဖွင့်လှစ် သွားရန် ရည်ရွယ်ထားသလို သင်တန်းဆင်းသွားသူများထဲမှ ကိုယ်ပိုင်အလုပ်သော်လည်းကောင်း၊ တခြား မုန့် ဆိုင်များတွင်သော်လည်းကောင်း ပြန်အလုပ်လုပ်မည့်သူများကို အသင်းက ချိတ်ဆက်ပေးသွားရန် အစီအစဉ် ရှိသည်ဟု KEEA ဥက္ကဌ၊ နော်ထားထားမြင့်က ပြောသည်။
သုံးရက်ကြာပြုလုပ်သည့် အခြေခံမုန့်ဖုတ် သင်တန်းသို့ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ ကရင်လူငယ် စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့သည်။ သင်တန်းနောက်ဆုံးနေ့တွင် ဂျုံဖြင့် ပြုလုပ်ရသည့် ကိတ် မုန့် အပါအဝင်မုန့် အချို့ကို သင်တန်းသားများက အဖွဲ့သုံးဖွဲ့ခွဲကာ လက်တွေ့ လုပ်ကိုင်ခဲ့ရသည်ဟု သင် တန်းသားများက ပြောသည်။
ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း-KEEA ကို ဖွဲ့စည်းထားသည်မှာ တစ်နှစ်ကျော်ကာလရှိပြီး ဖြစ်သလို အသင်းအနေဖြင့် ကရင်လူငယ်များအတွက် ယခုသင်တန်းကို ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ စက်ချုပ် သင်တန်း၊ ခေတ်မှီ ဒီဇိုင်းသင်တန်းများကိုလည်း ဆက်ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု အသင်းတာဝန်ရှိသူ များထံမှ သိရသည်။



















