စက်တင်ဘာ ၁၈၊ ၂၀၁၉ ခုနှစ်။ နေနော်
မြဝတီမြို့တွင် နိုင်ငံခြားသား တရုတ်လူမျိုးများ အများအပြား ဝင်ရောက်မှုများရှိပြီး တည်ဆဲဥပဒေများနှင့်အညီ နေထိုင်ပြုမှု မရှိ၍ ဌာနေပြည်သူများနှင့် ပဋိပက္ခအသွင်မဖြစ်စေရေးအတွက် သက်ဆိုင်ရာမှ ဥပဒေနှင့်အညီထိရောက်သည့် စိစစ်အရေးယူမှုများ မရှိပါက မြို့လုံးကျွတ်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု ဒေသခံများက ပြောသည်။
မြဝတီတွင် ဝင်ရောက်နေထိုင်လာသည့် တရုတ်လူမျိုးများ အရေးနှင့် ပတ်သက်၍ မြို့ခံ ပြည်သူ ၂၀ဝ ဦးခန့်က စက်တင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် အမှတ် ၄ ရပ်ကွက်၊ မြစနီ္ဒပန်းခြံ၌ လူထုဆွေးနွေးပွဲ ပြုလုပ်ပြီး ယခုလို သဘောထားထုတ်ပြန် ပြောဆိုသည်။
မြဝတီမြို့ခံ တစ်ဦးက “အခုဆိုရင် မြဝတီမြို့မှာ တရုတ်နိုင်ငံခြားသားတွေဟာ လိုင်စင်မဲ့ကားတွေမှာ တရုတ်စာတမ်းပါ စတစ်ကာကပ်ပြီး ကိုယ်တိုင်မောင်းနှင်စီးနင်းမှုများရှိသလို ယာဉ်မတော်မဆမှုများလဲ ရှိနေပါတယ်။ အဲ့ဒီအပေါ်မှာလဲ ဆိုင်ရာဌာနတွေရဲ့ အရေးယူမှုက အားနည်းချက်ရှိနေတာလဲ တွေ့ရပါတယ်” ဟု ဆွေးနွေးပွဲ တွင် ပြောသည်။
ထို့အပြင် တရားဝင်ပြဌာန်းထားသည့် ဗီဇာစည်းကမ်းနှင့် အညီ နေထိုင်ခြင်းမရှိသလို မြို့တွင်းရပ်ကွက်များတွင် အိမ်ငှားခ နှစ်ဆပေးငှားရမ်းနေထိုင်မှုများ ရှိကြောင်း၊ တရုတ် ဘာသာစကားဖြင့် စာတမ်းများတင် စားသောက် ဆိုင်ဖွင့်လှစ်ခြင်း တရုတ်နိုင်ငံသားများ သီးသန့် ဆိုင်များ ဖွင့်လှစ်ခြင်းများရှိပြီး ဌာနဆိုင်ရာများက စိစစ်အရေးယူ မှု အားနည်းသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့တွင် လာရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများသည် မူးယစ်ရမ်းကားခြင်း၊ လောင်းကစားမှုများ ပြုလုပ်နေခြင်း၊ ဌာနေ မြန်မာအမျိုးသမီးများကို ကာမ အတင်းအဓမ္မ ရယူခြင်းမူခင်းများ ဖြစ်ပွားခဲ့ခြင်းများရှိကာ ထူးခြားမှုအနေဖြင့် မြဝတီမြို့တွင်းတွင် ကားမှန်များကို ဂတ်စ်သေနတ်ဖြင့် ပစ်ခတ်ခံရမှုများလည်း ယခုနှစ် အတွင်း ခပ်စိပ်စိပ်ဖြစ်မှု ရှိနေသည်ဟု လူထု အစည်းအဝေးတက်ရောက်လာသူ ပြည်သူတစ်ဦးက ပြောသည်။
“လက်ရှိ မြဝတီမြို့မှာ ဖမ်းဆီးရမိသော တရုတ်နိုင်ငံခြားသားတွေကို စိစစ်အရေးယူမှုအပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ရဲတပ်ဖွဲ့ဝင်များသာ ဆောင်ရွက်နေပြီး အဲ့ဒီဌာနတွေကလဲ ဖိအားတွေရှိနေတော့ စိစစ် အရေးယူမှု အပိုင်းမှာ ပွင့်လင်းမြင်သာမှုအားနည်းတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်တာကို တွေ့ရတယ် “ဟု နယ်မြေခံ သတင်းထောက်တစ်ဦးက ပြောသည်။
မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ကျောထောက်နောက်ခံဖြင့် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၅,၀၀ဝ ဦးခန့် ရှိသည်ဟု ဒေသခံများက ပြောဆိုသော်လည်း ဌာနဆိုင်ရာများက စိစစ် ထုတ်ပြန်မှု အားနည်း နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
ကရင်ပြည်နယ် မြဝတီသို့ တရုတ်နိုင်ငံခြားသားများအနေဖြင့် ထိုင်း-မြန်မာနယ်ခြား မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်မှုများ ရှိသလို တရားမဝင် နယ်ခြားသောင်ရင်းမြစ်တလျှောက် လှေဆိပ်များမှ ခိုးဝင်မှုများ ရှိကြောင်း သိရသည်။



















