ကမ္ဘာ့သမိုင်းတွင် ၁၁ရာစုမှ ၁၈ရာစုအလယ် စက်မှုတော်လှန်ရေး ပေါ်ပေါက်ခဲ့သည်အထိ မြေရှင်ပဒေသရာဇ်စနစ် ပေါ်ပေါက်ခဲ့ ပြီး မြေရှင်များနှင့် မြေယာမဲ့များအကြား ပဋိပက္ခမျိုးစုံ ဖြစ်ပွားခဲ့ပြီး သမိုင်းပညာရှင်များကမူ သက်ဦးစံပိုင် ဘုရင်စနစ် ပေါ်ပေါက် လာခြင်းသည် မြေရှင်ပဒေသရာဇ်စနစ်ကြောင့်ဟုပင် မှတ်ချက်ပြုထားခဲ့ကြသည်။
လက်ရှိ မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားမှုအများဆုံး ပြဿနာကို ပြပါဆိုလျှင် မြေယာအရေးသည် ထိပ်ဆုံးတွင်ရှိသည်ဟု ဆိုနိုင် သည်။ ယခင်အစိုးရများလက်ထက် စည်းလွှတ်ဘောင်လွှတ် မြေသိမ်းယူခဲ့သည့်ကိစ္စရပ်များ၊ စစ်အုပ်ချုပ်ရေးကာလ တပ်သိမ်း မြေကိစ္စများနှင့် ယင်းတို့ကို ပြန်ရရန် မျှော်လင့်နေသည့် အလွှာစုံ အခြေခံလူတန်းစားများ စသည်ဖြင့် ဒေသစုံတွင် အသံစုံကို နေ့တဓူဝ ကြားနေရသည်။
၂၀၁၉ ဩဂုတ်လအတွင်း ကယားပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု ကွန်ရက်က ဖက်ဒရယ်ပုံစံ မြေအုပ်ချုပ်စီမံမှုဆီသို့ အလှမ်းဝေးနေသေးသည့် နိုင်ငံ၏မြေယာပြုပြင်ပြောင်းလဲမှု အစီရင်ခံစာတစ် စောင်ထုတ်ပြန်ခဲ့သည်။ အလားတူ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များ (IDPs & Refugees) မြေယာရပိုင်ခွင့် အခွင့်အရေးဆိုင်ရာ သဘောထား ကြေညာစာတမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးငါးခုက လူမှုအ ဖွဲ့အစည်းများ စုပေါင်းကာ ထုတ်ပြန်လိုက်သည်။ ထို့အပြင် မြေယာအရေး စောင့်ကြည့်ဆောင်ရွက်နေကြသူများက ကေအဲန်ယူ၊ တောင်ငူခရိုင်တွင် မြေယာဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကိုလည်း ကျင်းပခဲ့ကြသေးသည်။
ယင်းတို့ကို ကြည့်ခြင်းအားဖြင့် လက်ရှိ မြေယာအရေးမှာ ပြာဖုံးနေသည့် မီးခဲပမာ တအုံအုံနွေးနွေး ဖြစ်နေသည်။ မြေယာအရေး ပြန်ကြည့်လျှင် ယခင် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ခုနှစ်၊ မတ် ၃ဝရက်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကို ပြဌာန်းလိုက်သလို လက်ရှိ NLD အစိုးရလက်ထက် ၂၀၁၈ စက်တင်ဘာ ၁၁ရက်နေ့တွင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဌာန်းခဲ့ပြန်ရာ ယင်းဥပဒေအရ မြေယာဌာနတွင် မှတ်ပုံတင်မထားသည့် မြေများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု သတ်မှတ်ခံရမည့် အနေအထား ဖြစ်နေသည်။
အဆိုပါ ဥပဒေသည် အမှန်စင်စင် တစ်နိုင်ငံလုံး အတိုင်းအတာ၏ ပကတိအခြေအနေနှင့် မည်မျှအထိ ကိုက်ညီမှုရှိနေသည်ကို အစိုးရနှင့် ဥပဒေပြုရေး တာဝန်ရှိသူများအနေဖြင့် ဆန်းစစ်ရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် ကျေးလက်ဒေသ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် မိရိုးဖလာ မြေယာစီမံခန့်ခွဲခြင်းကို ရှေးဘိုးဘွားများလက်ထက်မှစ၍ ယနေ့အချိန်ထိ ကျင့်သုံးနေဆဲ ဖြစ်သကဲ့သို့ နေရာဒေသ ကွဲပြားမှုအပေါ် မူတည်ကာ မိရိုးဖလာ မြေယာစီမံခန့်ခွဲမှုစနစ်မှာလည်း ကွဲပြားမှုများ ရှိနေသည်။
မြေယာမှတ်ပုံတင်ခြင်းဟု ဆိုရာတွင်လည်း ခေတ်၊စနစ် အခြေအနေအရ ခေတ်အဆက်ဆက် ထိရောက်သည့် အသိပေး၊ ပညာ ပေးမှု အားနည်းချက်များအရ ဖွံ့ဖြိုးမှုနောက်ကျခြင်းများကြောင့် ပြဌာန်းအတည်ပြုလိုက်သည့် ဥပဒေများကို ဂဃနဏ နားလည် ရန် အခက်အခဲရှိသည့် တိုင်းရင်းသားပြည်သူများအတွက်မူကား လုံလောက်သည့် အချိန်သတ်မှတ်ချက်တစ်ခု ထားရှိပေးရန်လို သည်။ ထို့အပြင် ဝန်ထမ်းများ၏ ခေါက်ရိုးကျိုးနေသော အဆင့်ဆင့် အကျင့်ပျက်မှုများက မိမိပိုင် မြေယာကို မှန်ကန်သည့် နည်း လမ်းဖြင့် မှတ်ပုံတင်နိုင်ရေးမှာ လက်တွေ့တွင် အလှမ်းဝေးနေဆဲ ဖြစ်သည်။
အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်များကမူ မြေယာကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ စာချုပ်အပေါ် အလေးထားမှုမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်းနှင့် ၂၀၁၈ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ပြင်ဆင်သည့်ဥပဒေသည် အစိုးရနှင့် သဘောတူညီမှုရရှိ ပြီး ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသည့် ပြည်ထောင်စု သဘောတူစာချုပ်ပါ မြေယာကဏ္ဍနှင့် လွဲချော်မှုရှိနေ သည်ဟု ဝေဖန်လိုက်သည်။
မည်သည့်အစိုးရမဆို နိုင်ငံတစ်ဝှမ်းလုံးရှိ မြေယာများကို စီမံခန့်ခွဲမှုရှိသည်မှာ မှန်ကန်သော်လည်း တိုင်းရင်းသားပေါင်းစုံ စုပေါင်း နေထိုင်ပြီး မြို့နယ်၊ ကျေးလက်အစုံကို အုပ်ချုပ်ရေးယန္တရား မလွှမ်းခြုံနိုင်သေးသည့် မြန်မာနိုင်ငံတွင် မြေယာပြဿနာကို ဖြေ ရှင်းရာ၌ တပြေးညီ စံသတ်မှတ်ခြင်းထက် သက်ဆိုင်ရာ နယ်မြေဒေသအလိုက် နေထိုင်လျှက်ရှိကြသည့် တိုင်းရင်းသားများ၏ မိရိုးဖလာမြေပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြု လေးစားကာ လက်တွေ့ကျကျ ချည်းကပ်ဖြေရှင်းပါမှသာ လတ်တလောတွင် ရင်ဆိုင် နေရသည့် ဖြစ်စဉ်နောက်ခံ ရှုပ်ထွေးလှသော မြေယာပြဿနာများမှာ အတန်အသင့် လျော့နည်းသွားမည်ဟု သုံးသပ်မိပါသည်။