ဩဂုတ် ၁၆ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)က KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးရန် လာမည့် ဩဂုတ်လ ၂ဝရက်၊ အဂင်္ါနေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စီစဉ်ထားကြောင်း ဩဂုတ်လ ၁၅ရက်(ယမန်နေ့)က ပေးပို့လိုက်သည့် ဖိတ်ကြားစာအရ သိရသည်။
၎င်းတွေ့ဆုံမှုတွင် NRPC ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ကာ ငြိမ်း ချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တွေ့ဆုံမည့်ကိစ္စနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ တွေ့ဆုံရန် ညှိနှိုင်းမှုများရှိနေသည်ဟု ပြောဆိုခဲ့မှု အပေါ် တာဝန်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ဒီကိစ္စကိုတော့ ကျနော်သေချာ မသိသေး ဘူး။ ခရီးသွားနေတာ လမ်းမှာရှိနေလို့။ သူတို့ကတွေ့ဖို့ ကမ်းလှမ်းလာရင်တော့ တွေ့ရမှာပေါ့။ အကြောင်းအရာ သေချာမသိ တော့။ သေချာတာက follow up ကိစ္စတွေ ဆွေးနွေးဖို့ဖြစ်ပါလိမ့်မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဩဂုတ်လ (၉)ရက်နေ့ ပြီးဆုံးသွားသည့် ကေအဲန်ယူ၏ တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေးအပြီး တွင် အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ရန်နှင့် ထိုမှတဆင့် တရားဝင် တွေ့ဆုံမှုများကို ပြန်လည်စတင်နို်င်ရန် စီစဉ်ဆောင်ရွက် သွားရန်ရှိကြောင်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။
ကေအဲန်ယူအနေဖြင့် ပြီးခဲ့သည့်နှစ် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တရားဝင် စည်းဝေးပွဲ များအတွင်း ပါဝင်မှုကို ယာယီ ရပ်တန့်ထားပြီး အလွတ်သဘော ဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများကို အဖြေရှာရန် ကြိုးပမ်းလျှက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှေ့ဆက်နိုင်မည့် အစီအစဉ်များကို အစိုးရထံသို့ တင်ပြခဲ့မှုများ ရှိကြောင်း ကေအဲန်ယူက ဆိုသည်။
တရားဝင် တွေ့ဆုံမှုများကို ယာယီရပ်ဆိုင်းထားခဲ့သည့် ကေအဲန်ယူသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများကို အဖြေရှာ ရန် အလွတ်သဘော တွေ့ဆုံမှု ၆ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့ကလည်း ကေအဲန်ယူ နှင့် NRPC တို့ ရန်ကုန်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ရာ၌ ကြားကာလဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟုလည်း သိ ရသည်။