ဇွန်လ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကရင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွက် ထွက်ရှိခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းရလဒ်များအရ ၂ နှစ်ဆက်တိုက် အောင်ချက်ကျဆင်းလာကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ယနေ့ (ဇွန်လ ၈ ရက်) သိရသည်။
၂၀၁၇ ခုနှစ်၏ ကရင်ပြည်နယ်အောင်ချက်သည် ၂၉.၄၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင်၂၉.၄၅ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၂၇.၆၇ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းငယ် ကျဆင်းလာကြောင်း ပြည်နယ်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
ပြည်နယ်ပညာရေးမှူး ဒေါ် မြင့်မြင့်ဝင်းက “ဒီနှစ်က မေးခွန်းခက်လို့မဟုတ်ပါဘူး။ မေးခွန်းပုံစံနည်းနည်း ပြောင်း တာဆိုတော့ အမှတ်ပေးစည်းမျဉ်းနဲ့ မဝင်တာတို့ ရှိလိမ့်မယ်။ မေးခွန်းပုံစံအသစ်နဲ့စဖြေတော့ ဂုဏ်ထူး လည်း နည်းတယ်။ ကရင်ပြည်နယ် အောင်ချက်က နည်းနည်းကျတယ်။ တိုင်းနဲ့ပြည်နယ်အားလုံး အောင်ချက်က လည်း နည်းနည်း နည်းနည်း ကျကြတယ်ဆိုတော့။ ကရင်က ဆရာရော၊ ကျောင်းသားရောက ကြိုးစားကြပါ တယ်။ အခြေနေမဆိုးပါဘူး။ လာမယ့်နှစ်ကျရင် ပိုပြီးတော့ ကောင်းလာမှာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့်နှစ် ကရင်ပြည်နယ်တွင် ဂုဏ်ထူးရရှိသည့်အထဲမှ ငါးဘာသာ ဂုဏ်ရရှိသူ ၉ဦးအထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ငါးဘာသာ ဂုဏ်ထူးရရှိသူ မရှိခဲ့ကြောင်းလည်း သိရသည်။
တစ်ပြည်နယ်လုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ ဦးရေ ၁၉,၂၈၉ ဦး ရှိသည့်အနက် အောင်မြင်သူ ၅,၃၃၇ ဦးရှိကာ ရာခိုင်နှုန်းအရ ၂၇.၆၇ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင် တန်း အောင်မြင်သည့် ရာခိုင်နှုန်း ၂၉.၄၅ ရာခိုင်နှုန်းရှိသည့်အတွက် ၁.၇၈ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု သိရသည်။
တစ်နိုင်ငံလုံးအတိုင်းတာအရ တိုင်းနှင့်ပြည်နယ်နှင့် နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၉ခု ရှိပြီး အဆိုပါ စာစစ်ဌာနများထဲမှ ကရင်ပြည်နယ်သည် အောင်ချက်အဆင့် ၁၅ တွင်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဌာန၏ ယနေ့ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း မြို့နယ် ၇မြို့နယ်၊ စာစစ်ဌာန ၄၆ ခုရှိရာမှာ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖြေဆိုသူ ၁၉၃၉ ဦး ရှိပြီး အောင်မြင်သူ ၆၆၂ ဦး ရှိသည့်အတွက် ယခုနှစ် ကရင်ပြည်နယ်အတိုင်းအတာအရ ယမန်နှစ်ကကဲ့သို့ပင် ကြာအင်းဆိပ်ကြီးသည် အောင်ချက်အများဆုံး မြို့နယ်တစ်ခုဖြစ်သည်ဟု သိရသည်။
ယခုနှစ် ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၅,၃၃၇ ဦးရှိသည့်အထဲတွင် တစ်ဘာသာ ဂုဏ်ထူးရရှိသူ ၃၇၇ ဦး၊ နှစ်ဘာသာဂုဏ် ထူးရှင် ၈၅ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၈ ဦးနှင့် လေးဘာ သာဂုဏ်ထူးရှင် ၁ဝ ဦး ရရှိသော်လည်း ငါးဘာသာနှင့် ခြောက်ဘာသာ ဂုဏ်ထူးကိုမူ ရရှိသူမရှိကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။