တစ်ခြားတိုင်းရင်းသားအကတွေနဲ့ ကွဲပြားပြီး ကိုယ်၊ လက်၊ ခေါင်း၊ ခြေဟန်များဖြင့် လှုပ်ရှားကပြရတဲ့ ကရင်ဒုံးအကပညာရပ်ကို ၁၃ နှစ်သားအရွယ်ကတည်းက လေ့လာသင်ယူခဲ့တယ်လို့ ပြောဆိုလာသူကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်ရွာဇာတိ အသက်အငယ်ဆုံးပြည်နယ်ဒုံးဆရာဖြစ်လာသူ စောအဲဆိုဖေါင်(ခ)စောသန်းရွှေ ပဲဖြစ်ပါတယ်။
ကျေးရွာမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကရင်ရိုးရာလက်ချည်ပွဲ၊ နှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတွေမှာ ထည့်သွင်းကျင်းပလေ့ရှိတဲ့ ဒုံး အကပြိုင်ပွဲတွေကနေ ဝါသနာပါလာခဲ့ပြီး ပြည်နယ်ဂုဏ်ဆောင် ဒုံးဆရာတစ်ဦးဖြစ်ချင်ခဲ့သူ စောအဲဆိုဖောင်ဟာ သူရဲ့အိပ်မက် တွေကို အကာင်အထည်ဖော်နိုင်ဖို့ ၂ဝ၁၃ ခုနှစ်၊ ဖားအံမြို့ရှိ ကရင်ကျောင်းသားများရိပ်သာနေရာမှာ ဖွင့်လှစ်သင်ကြားပေးတဲ့ ကရင်ဒုံးအကသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ် လူငယ်ကိုယ်စားပြုသင်တန်းသားတစ်ဦးအနေနဲ့ တက်ရောက်သင်ယူခွင့် ရရှိခဲ့ပါ တယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ စောအဲဆိုဖေါင်ဟာ အမိနန်းလိလိ အဖမန်းဆန်းမြိုင်ကနေ မွေးချင်းမောင်နှမ ၃ ဦးထဲမှာ ဒုတိယမြောက်သားလတ်ဖြစ်ပြီး မိသားစုအခြေအနေကြောင့် အတန်းပညာ ၉ တန်းထိ သင်ယူခဲ့ပြီးနောက် သူယုံကြည်ရာ အမျိုးသားရေးလဏ္ခာတစ်ခုဖြစ်တဲ့ ယဉ်ကျေးမှုဒုံးအကကို သူ့ဇာတိမြေမှာ ပြန်လည်ရှင်သန်လာစေဖို့ မွေးရပ်မြေကို စွန့်ခွာခဲ့ပြီး သူ့ရဲ့ဒုံးဆရာအရင်းဖြစ်တဲ့ ဒုံးအကပညာရှင် ဆရာကဗျာစိန်ဆီကနေ စနစ်တကျ သင်ယူလေ့လာဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ဆရာဖြစ်သင်တန်းတက်ပြီးတော့ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ရွာမှာ ဒုံးအကဆင့်ပွားနည်းပြသင်တန်းကနေ ပထမဆုံး ဒုံးဆရာ အဖြစ်နဲ့ သင်ပေးခဲ့ရတယ်။ ကရင်ပြည်နယ်နေ့၊ ကရင်နှစ်သစ်ကူး၊ ပြည်နယ်စာယဉ်သင်တန်းဆင်းပွဲ၊ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ ဆို၊ က၊ ရေး၊ တီး၊ တက္ကသိုလ် ကရင်စာယဉ်သင်တန်းဆင်းပွဲတွေမှာ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ ကိုယ်စားပြု ဒုံးဆရာတစ်ဦးအနေနဲ့ သင်ပေးခဲ့တယ်” လို့ စောအဲဆိုဖေါင်က ပြောပါတယ်။
လူငယ်ဒုံးဆရာအဖြစ် ၈ နှစ်တာကာလအတွင်း ကရင်ပြည်နယ်အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်ရှိ ကရင်ကျေးရွာတွေမှာ ဒုံးအကပညာရပ်များ သင်ကြားပေးခဲ့ပြီး ယဉ်ကျေးမှုထူးချွန်ဂုဏ်ပြုဆု ၁၃ခု ချီးမြှင့်ခံခဲ့ရပါတယ်။
“ဒုံးအကဝတ်စုံနဲ့ အခြားအထောက်ပံ့တွေကအစ ရွာကနေထောက်ပံ့ပေးတာတောင် ဒုံးအကသင်ဖို့ လူငယ်တွေကို တစ်အိမ် တက်တစ်အိမ်ဆင်း လိုက်ခေါ်တာတောင် ကမယ့်သူနည်းသွားပြီး။ အနောက်တိုင်းယဉ်ကျေးမှုပွဲတော်လိုမျိုးဆို အုပ်စုလိုက်၊ အဖွဲ့လိုက် စုဖွဲ့သွားလာတာမျိုး ပိုနှစ်သက်လာတာ တွေ့ရတယ်။ တစ်ချို့လူငယ်တွေဆို ကရင်ရိုးရာအင်ကျင်္ ီနဲ့ ဒုံးအကဆိုတာ နှစ်သစ်ကူးနဲ့ စာပေယဉ်ကျေးမှုပွဲအတွက် ဝတ်ဆင်ကပြဖို့လောက်သာ သိတယ်” လို့ သူကပြောပါတယ်။
၂ဝ၁၉ ခုနှစ်၊ မြဝတီမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားမှာ စာပေနှင့်ယဉ်ကျေးမှုစွမ်းဆောင်ဆု ချီးမြှင့်ခံရသူထဲက အသက်အငယ်ဆုံးလူငယ်တစ်ဦးအနေနဲ့ အသိအမှတ်ပြုခံခဲ့ရပါတယ်။ တစ်ခါ နေပြည်တော်မှာ ကျင်းပသွားခဲ့တဲ့ ၂၁ ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာလည်း ချင်းပြည်နယ် တီးတိန်မြို့ ယဉ်ကျေးမှုနည်းပြအဖြစ် စေလွတ်ခံခဲ့ရပြီး နိုင်ငံတော်မှ ယဉ်ကျေးမှုနည်းပြရွှေတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
“ ၂၁ ကြိမ်မြောက် နေပြည်တော်မှာ ကျင်းပသွားတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာပေါ့နော်။ တစ်နိုင်ငံလုံးမှာ ယဉ်ကျေးမှု ကိုယ်စား လှယ် ၇ ဦးရွေးတယ်။ ကရင်ပြည်နယ်ကိုယ်စားလှယ်အနေနဲ့ အရွေးခံခဲ့ရတာပေါ့နော်။ ၇ ဦးထဲမှာ မဲနှိုက်တော့ ချင်းပြည်နယ်မှာ ယဉ်ကျေးမှုကိုယ်စားလှယ်အနေနဲ့ ဒုံးအကသွားသင်ပေးရတယ်။ စကား၊ ယဉ်ကျေးမှုမတူတဲ့ လူမျိုး ၂ ခုကြားမှာ ကျား-မ အက နှစ်မျိုးစလုံး တစ်ယောက်ထဲ ခက်ခက်ခဲခဲ သင်ပေးခဲ့ရတာပေါ့နော်။ အဲဒီနှစ်မှာ နိုင်ငံတော်က ယဉ်ကျေးမှုနည်းပြ ရွှေတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရတာ ဒုံးဆရာဘဝမှာ အမှတ်တရအဖြစ်ဆုံးပါပဲ” လို့ စောအဲဆိုဖေါင်က ပြောတယ်။
ယဉ်ကျေးမှုဟန်၊ ရိုးရာဓလေ့၊ အမျိုးသားရေးလက္ခဏာ၊ ဘာသာစကား၊ ယဉ်ကျေးမှုအကတွေကို လူငယ်များအားလုံး ထိန်းသိမ်း ရန် တာဝန်ရှိပြီး ခေတ်ကာလပြောင်းလဲလာမှုတွေကြောင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ ရိုးရာဆင်ယင်မှုအချို့မှာ အနောက်တိုင်းဆင်ယင်ထုံးဖွဲ့မှုဖြင့် ရောနှောဆန်းသစ်ထီထွင်မှုမျိုးကို မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိခိုက်တဲ့အတွက် အနာဂတ်ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေအနေနဲ့ စစ်မှန်တဲ့ယဉ်ကျေးမှုနှင့် ခေတ်အဆက်ဆက် ထင်ရှားခဲ့တဲ့ ကရင်ဒုံးအကယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းထိန်းသိမ်းကြဖို့ စောအဲဆိုဖေါင်က တိုက်တွန်းပြောဆိုသွားပါတယ်။