Home သတင်း သစ်ခိုးမှုဖြင့် ဖမ်းဆီးခဲ့သည့် ရွာသား ၂၂ဦးကို ‌ထောင်ဒဏ်နှင့် ‌ငွေဒဏ်အသီးသီး KNU ချမှတ်

သစ်ခိုးမှုဖြင့် ဖမ်းဆီးခဲ့သည့် ရွာသား ၂၂ဦးကို ‌ထောင်ဒဏ်နှင့် ‌ငွေဒဏ်အသီးသီး KNU ချမှတ်

2524

ဧပြီ ၂၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင်မှာ သစ်ခိုးမှုဖြင့် ဖမ်းဆီးခဲ့သည့်‌ဒေသခံရွာသား ၂၂ ဦး ကို ယခုလ ဧပြီလ ၁၂ ရက်‌နေ့က ‌ကော်သူး‌လေ သစ်‌တောဥပ‌ဒေအရ ‌ထောင်ဒဏ်နှင့် ‌ငွေဒဏ် အသီးသီးပြစ် ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးနှင့် ကင်မွန်းချုံ‌ကျေးရွာမှ ‌ဒေသခံ ၂၂ ဦးသည် နွားလှည်း ၁၆ စီးနှင့် သစ်လုံးများအပြင် သစ်ခုတ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ပြီးခဲ့သည့် မတ်လ ၃၁ ရက်‌နေ့က ‌ကေအဲန်ယူ သစ်‌တောဌာနတာဝန်ရှိသူများ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

‌ဒေသခံရွာသားများအ‌နေဖြင့် ယခုလို တားမြစ်ထားသည့်သစ်များကိုထုတ်ယူပြီး ရည်ရွယ်ချက်ရှိရှိ ‌တောင်ငူမြို့မှ တဆင့် စီးပွားဖြစ်‌ရောင်းချသွားမှာဖြစ်သည့်အတွက် ‌ကော်သူး‌လေ သစ်‌တောဥပ‌ဒေအရ ‌ထောင်ဒဏ် (၆)လနှင့် ‌ငွေဒဏ် ၆ ‌သောင်းကျပ် အသီးအသီးအပြစ်‌ပေးအ‌ရေးယူ လိုက်ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “အခုအဖမ်းခံရတဲ့ သစ်ခိုးထုတ်တဲ့ ‌ဒေသခံရွာသား‌တွေ ဟာ အခိုင်အမာ အဖွဲ့ဖွဲ့ပြီး လုပ်‌ဆောင်တာ‌တွေရှိသလို ‌ကော်သူး‌လေ သစ်‌တောဥပ‌ဒေအရ တားမြစ်ထားတဲ့ သစ်‌တွေကို ထုတ်ယူသုံးစွဲတဲ့အ‌ပေါ် ဥပ‌ဒေကို ချိုး‌ဖောက်တာဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူ သစ်‌တောဌာနတာဝန်ရှိသူများအ‌နေဖြင့် ‌ဒေသခံရွာသားများအား သစ်‌တောထိန်းသိမ်း ‌ရေးဆိုင်ရာ အသိပညာ‌ပေးမှုလုပ်ငန်းများကို နှစ်စဉ် လုပ်‌ဆောင်‌နေပြီး ‌ဒေသခံရွာသားများအ‌နေဖြင့်လည်း သစ် ‌တောထိန်းသိမ်း‌ရေး လုပ်ငန်းကို ဝိုင်းဝန်းလုပ်‌ဆောင်ရန် တာဝန်ကိုယ်စီရှိသည်ဟု ပဒို‌စောအယ်ဝါးက ဆက်‌ပြောသည်။

‌ကေအဲန်ယူ သစ်‌တောဌာနမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သစ်များသည် အများစုမှာ ပိ‌တောက်များဖြစ်ကြပြီး စုစု‌ပေါင်း ၃ တန်‌ကျော်မှ ကာလတန်ဖိုးအရ ကျပ်သိန်း (၅ဝ)ခန့်ရှိသည်ဟု သိရသည်။