ဇန်နဝါရီ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCAအပေါ် ချိုးဖောက်သည်ဟူသော ယခုလ ၂၅ ရက်နေ့က ထုတ်ပြန်သော တပ်မတော်၏ သတိပေး သတင်းထုတ်ပြန်ချက်သည် စွပ်စွဲမှုသာဖြစ်သည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ၂၆ ရက်နေ့တွင် သဘောထားထုတ်ပြန်၍ တုံ့ပြန်ရှင်းလင်းပြောဆိုခဲ့သည်။
တပ်မတော်၏ ထုတ်ပြန်ချက်ပါ အချက်များအရ ကေအဲန်ယူအနေဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ လှိုင်းဘွဲမြို့နယ်၊ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်ဒေသတို့တွင် ဆက်ကြေးကောက်ခံမှု (၂)ကြိမ် ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ လယ်မူပလော လမ်းနယ်မြေတွင် ချောင်းမြောင်းပစ်ခတ်မှု (၉)ကြိမ်နှင့် ကားမိုင်းဖြစ်စဉ် (၂) ကြိမ်ဖြစ်ပွားမှုပြုလုပ်ခဲ့ပြီး NCAကို ချိုးဖောက်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းအပေါ် KNU ဘက်က ယင်းသို့ ပြန်လည်တုံ့ပြန်ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ဖြစ်စဉ်တစ်ခုလုံးကို ပြန်သုံးသပ်လိုက်မယ် ဆိုရင် NCAကို မတူညီစွာဘဲ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခြေခံကနေ မြစ်ဖျားခံလာပြီးတော့ ရှိသင့်ရှိထိုက်တဲ့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ NCAအရ နှစ်ဖက်တပ်များ ထိတွေ့ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ဖို့အတွက်လိုအပ်တဲ့ ဆွေးနွေးပွဲ တွေ မကျင်းပနိုင်သေးတဲ့အတွက်ကြောင့်လို့ပဲ မြင်ပါတယ်” ဟု ဇန်နဝါရီ ၂၆ရက်နေ့က ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ပြောဆိုခဲ့သည်။
ဆက်ကြေးကောက်ခံသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး ကေအဲန်ယူနယ်မြေအတွင်းရှိ ပြည်သူလူထုများ ၏ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုထံမှ သတ် မှတ်ချက်နှင့်အညီ ပံ့ပိုးကူညီမှုများကို ရယူခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ပြန်လည်ရှင်းလင်း ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။
ထိုသို့ ဆက်ကြေးကောက်ခံသည်ဟု ပြောဆိုခြင်းသည် NCA အခန်း (၃)၊ ပုဒ်မ (၅)ပါ (ခ)အရ (တစ်ဖက်နှင့် တစ်ဖက်ရန်မူသည့် သို့မဟုတ် စော်ကားမှုဖြစ်စေသည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သည့် လုပ်ရပ်များ ကိုမပြုလုပ်ရ)နှင့် (စ)အရ (အဖွဲ့အစည်းများအကြား ရန်လိုသောဝါဒဖြန့်ချိမှုများ၊ မမှန်ကန်သော သို့မဟုတ် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသောပြောဆိုမှုများ၊ အသရေဖျက်သည့် ထုတ်ပြန်မှုများကို ပြည်တွင်း၌သော်လည်း ကောင်း၊ ပြည်ပ၌သော်လည်းကောင်း မပြုလုပ်ဘဲရှောင်ကြဉ်ရန်) အား တပ်မတော်ဘက်မှ ချိုးဖောက်နေသည် ကို ဖော်ပြနေသည်ဟုလည်း ကေအဲန်ယူဘက်က ဆိုသည်။
၎င်းအပြင် NCA စာချုပ် အခန်း(၆) ပုဒ်မ ၂၅ (က)အရ ကေအဲန်ယူသည် ၎င်းအဖွဲ့အစည်း၏ အတိုင်းအတာအရ မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများတွင် တာဝန်ယူမှုကို အသိအမှတ်ပြုသဘောထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသည့် ကာလအတွင်း နယ်မြေ များတွင် နှစ်ဖက်ညှိနှိုင်းသွားရန် သဘောတူထားသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအဲန်ယူမှ တပ်မတော်အား ချောင်းမြောင်းပစ်ခတ်မှုနှင့် ကားမိုင်းဖြစ်စဉ်ပြုလုပ်သည်ဟူသော ဖော်ပြချက် နှင့်ပတ်သက်၍လည်း NCA စာချုပ်အခန်း (၃)တွင် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင် အဖွဲ့များနေရာချထားခြင်း ခေါင်းစဉ်ကိုထည့်သွင်းပြီး ဆွေးနွေးရန် သဘောတူထားကြောင်း၊ နှစ်ဖက်ထိတွေ့မှု ကိုရှောင်ရှားနိုင်ရန် ကေအဲန်ယူဘက်မှ ၂၀၁၂ ခုနှစ်ဆွေးနွေးမှုတွင် အဆိုတင်သွင်းထားသည့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အဆိုပြုလွှာကို အစိုးရနှင့်တပ်မတော်အားပေးအပ်ခဲ့၍ ဆွေးနွေးရန်သဘောတူ ထားသော်လည်း ယနေ့အချိန်ထိ နှစ်ဖက်တပ်များ မတွေ့ဆုံနိုင်ခြင်းကြောင့်ဖြစ်သည်ဟုဆိုကာ နှစ်ဖက်တပ် တွေ့ဆုံမှုကို အမြန်ဆုံးပြုလုပ်ရန်လည်း KNUက ထပ်မံတောင်းဆိုလိုက်သည်။
တပ်မတော်အနေဖြင့် နှစ်ဘက်အကြား NCA အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မတူညီသည်ကို လက်ခံရန်လို အပ်ပြီး NCAအပေါ် တူညီသော ဘုံသဘောထား ညှိနှိုင်းနိုင်ခြင်း မရှိသေးသည့်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် နှစ်ဖက်သဘောထားကွဲလွဲမှုများကို အင်အားသုံးဖြေရှင်းမှုမပြုလုပ်ရန်၊ NCA သဘောတူညီချက်ကိုလည်းလိုက် နာရန်၊ တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် NCAအပေါ် ကွဲလွဲစွာ အဓိပ္ပာယ်ဖွင့်ဆိုမှုများအပေါ် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်ဟု ကေအဲန်ယူဘက်က ဆိုသည်။
ပြီးခဲ့သည့် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ သတိပေးထုတ်ပြန်ချက်တွင် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် မရေးထိုးရသေးသော လက်နက်ကိုင်အချို့တို့သည် တပ်မ တော်စစ်ကြောင်းများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ရန်လိုတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအား နှိပ်စက်ခြင်း၊ သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားခြင်း၊ ဆက် ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းတို့အားပြုလုပ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် တပ်မတော်က အပစ်အခတ်ရပ်စဲထားသည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်န ဝါရီ လ ၂၄ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁ဝ ကြိမ်၊ လူသစ်စုဆောင်းမှု ၂ဝ ကြိမ်၊ တပ်မ တော်အားချောင်းမြောင်းပစ်ခတ်မှု ၁ဝ ကြိမ်နှင့် ကားမိုင်းဖြစ်စဉ်ဖြစ်ပွားမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး “ ပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ” ပါ အပိုဒ်(၅)၊ (၆)နှင့် (၇)တို့အား အကြိမ် ကြိမ်ဖောက်ဖျက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထိုသို့ ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေသည့် လုပ်ရပ်များ မလုပ်ဆောင်ရန်နှင့် နယ်မြေကျော်လွန်လှုပ်ရှားလျက် နယ်မြေလုတိုက်ပွဲများဖြစ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသည် ကတိကဝတ်ပါ သတ်မှတ်နယ်မြေအတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာကြရန် သတိပေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် တပ်မတော်၏ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ဖြင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေး ခြင်းများကို အမြန်ဆုံးပြုလုပ်သွားရန်လည်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်တိုက်တွန်းထားသည်။



















