Home သတင်း အခွင့်အ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်သင်တန်း မလိကျွန်း‌ပေါ်တွင်ပြုလုပ်

အခွင့်အ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်သင်တန်း မလိကျွန်း‌ပေါ်တွင်ပြုလုပ်

3131

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

‌တောင်ပိုင်းလူငယ်အဖွဲ့-SYမှ ဦး‌ဆောင်၍ တနသင်္ာရီတိုင်းအတွင်းရှိ ‌ဒေသခံလူငယ်များအား အခွင့်အ‌ရေးနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ အသိပညာ‌ပေးသည့် ‌နွေရာသီလူငယ်သင်တန်းတစ်ခုကို ပု‌လောမြို့နယ်၊ မလိကျွန်း‌ပေါ်ရှိ ‌ကျောက်ထရံ‌ကျေးရွာတွင် ဒီဇင်ဘာလ ၁၁ ရက်မှ ၁၄ရက်‌နေ့အထိ ပြုလုပ်‌ပေးလျက်ရှိသည်။

မလိကျွန်း‌ပေါ်ရှိ ‌ဒေသခံလူငယ်များအပါအဝင် တနသင်္ာရီ၊ ပု‌လော၊ မြိတ်၊ ‌လေညာ-ဘုတ်ပြင်စသည့် မြို့နယ် အတွင်းရှိ ‌ဒေသခံလူငယ်များအ‌နေဖြင့် မိမိတို့၏ အ‌ခြေခံအခွင့်အ‌ရေးကိုသိရှိ‌စေရန်နှင့် မိမိ‌ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်မှုတွင် ပါဝင်သွားနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ‌တောင်ပိုင်းလူငယ်အဖွဲ့-SYမှ ဦး‌ဆောင်သူ ‌စောဝမ်းစတားက ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက “ဒီလိုသင်တန်းမျိုးက ဒီက လူငယ်‌တွေအတွက် အရမ်းကို အ‌ရေးကြီးပါတယ်။ အနာဂတ်မှာ ဒီလူငယ်‌တွေက သူတို့ ‌နေရာ‌ဒေသမှာ ပြန်လည်ဦး‌ဆောင်ရမဲ့ သူ‌တွေဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အ‌ခြေအ‌နေမှာ သဘာဝပတ်ဝန်းကျင်း ပျက်စီးဆုံးရှုံးမှု‌တွေ အများကြီးရှိ‌နေသလို အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု‌တွေကလည်း အဆိုးရွားဆုံးဖြစ်တဲ့အတွက်‌ကြောင့် လူငယ်‌တွေအတွက် ဒါက အရမ်းကို အ‌ရေးကြီးပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် မလိကျွန်း‌ပေါ်ရှိ လူငယ်များအ‌နေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်‌စေ၊ အခွင့်အ‌ရေးပိုင်းဆိုင်ရာ ဖြစ်‌စေ၊ ဥပ‌ဒေပိုင်းဆိုင်ရာဖြစ်‌စေ သိရှိနားလည်မှု အရမ်းအားနည်း‌နေသလို ကျွန်း‌ပေါ်ရှိလူငယ်များအပြင် အခြား‌သော လူ့အခွင့်အ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်‌ခေါ်ချက်များရင်ဆိုင်‌နေရသည့် ‌ဒေသခံလူငယ်များပါ သင်တန်းတွင် ပါဝင်‌စေခြင်းဖြင့် ၎င်းတို့ကြား အတူတကွ ရင်းနှီး‌ဆွေး‌နွေးကြရင်း အနာဂတ်တွင် အတူတကွပူး‌ပေါင်းလုပ်‌ဆောင်သွားနိုင် မည်ဟုလည်း ‌စောဝမ်းစတားက ဆက်‌ပြောသည်။

‌လေးရက်တာ ပြုလုပ်‌ပေးသည့် အဆိုပါ ‌နွေရာသီ သင်တန်းကို ‌ဒေသခံလူငယ် ၅ဝ ‌ကျော်ပါဝင်တက်‌ရောက်‌နေပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌ကြေညာစာတမ်း၊ အ‌ခြေခံ သတင်းမီဒီယာနှင့် ဌာ‌နေလူထုသစ်‌တော ထိန်းသိမ်း‌ရေး လုပ်ငန်းစဉ်စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ‌ပေးခြင်းတို့ကို ပို့ချ‌ပေးပြီး ‌နောက်ဆုံး‌နေ့တွင် မလိကျွန်း‌ပေါ်ရှိ အထင်ကရ သဘာဝ ပတ်ဝန်းကျင်‌နေရာများသို့သွား‌ရောက် ‌လေ့လာမှုများပြုကြမည်ဖြစ်သည်။

သင်တန်းသား ‌စောမိုးချစ်‌ထွေးက “ကျ‌နော်ဒီသင်တန်းကို တက်ဖြစ်တာက ဒီသင်တန်း က‌နေ ရရှိလာမဲ့ ပညာရပ်‌တွေကို ရယူပြီး တစ်ချိန်မှာကိုယ့်‌ဒေသအတွက် အကျိုးရှိမဲ့ လုပ်‌ဆောင်မှုကို ပြန်လည်လုပ်‌ဆောင်နိုင်ဖို့ဖြစ်တယ်။ ဒီလိုသင်တန်းမျိုး ကို ကျ‌နော်တို့ ‌ဒေသမှာ လုပ်‌ဆောင်တာမျိုးအရမ်းလိုအပ်တယ်။ ဒီလိုသင်တန်းမျိုးက‌နေကိုယ့်မှာ အခွင့်အ‌ရေး ဘယ်လိုရှိ လဲဆိုတာရယ် သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဒီသင်တန်းက‌နေ သင်ယူပြီးဘယ်လိုအသုံး ချနိုင် မလဲဆိုတာကို ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

ဧကနှစ်‌သောင်း‌ကျော်ရှိ မလိကျွန်းသည် ကျွန်းပြင်ကာကွယ်‌တောအဖြစ် အစိုးရမှသတ်မှတ်ထားပြီး ‌ဒေသခံ ကရင်တိုင်း ရင်းသား ‌ကျေးရွာ ၃ ရွာ‌နေထိုင်ကြသည်။ လက်ရှိတွင် ‌ဒေသခံများမှ လွတ်လပ်စွာ‌နေထိုင် လုပ်‌ဆောင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့် စသည့်အခွင့်အ‌ရေးများ ချိုး‌ဖောက်ခံရမှုများရှိသည်ဟု ‌ဒေသခံများက ဆိုသည်။
‌တောင်ပိုင်းလူငယ်အဖွဲ့-SYအဖွဲ့မှ ဦး‌ဆောင်၍ လူငယ်၊ အခွင့်အ‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ‌ပေး လူငယ်‌နွေရာသီသင်တန်းကို မလိကျွန်း‌ပေါ်တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။