Home ဆောင်းပါး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ‌နေကြတဲ့ ပြည်တွင်းစစ်နဲ့ စစ်အုပ်စု

ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ‌နေကြတဲ့ ပြည်တွင်းစစ်နဲ့ စစ်အုပ်စု

4274

‌မောင်‌ကျော်စွာ
(၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၁ဝရက်)

“ယ‌နေ့အထိ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်နှင့် စတင်ခဲ့သည့် အချိန်ကာလအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက် ဆိုင်ရာအစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိမိတို့တပ်မ‌တော်အ‌နေဖြင့် နိုင်ငံ‌တော်နှင့်အစိုးရ၏ အချုပ်အ ခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာ ကာကွယ်‌ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်‌ကြောင်း”
[ (DSA) အမှတ်စဉ် ၆ဝ သင်တန်းဆင်းပွဲ၊ ကာချုပ် မိန့်ခွန်း (၈-၁၂-၂၀၁၈) ]

ဘာကို ရည်ရွယ်ပြီး ဒီလို‌ပြောလိုက်သလဲ‌တော့ မသိပါဘူး။ ‌သွေးရိုးသားရိုးနဲ့ သမိုင်းအဖြစ်မှန်ကို ‌ဖော်ထုတ်ချင်လို့လား ဆိုတာအထိ‌တော့လည်း သူတို့မှာ ရည်ရွယ်ချက် ရှိမှ၊ရှိပါ‌လေစ ဆိုတဲ့ သံသယက‌တော့ ခါကာဘိုရာဇီ‌တောင်လို ကြီးကြီးမားမား ရှိပါတယ်။ ဒါ‌ကြောင့် ဒီ‌ပြောဆိုချက်အ‌ပေါ် ဆက်စပ်‌တွေးမိသမျှကို ‌ရေးသားတင်ပြချင်ပါတယ်။

ဘယ်သူကပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်းကပဲဖြစ်ဖြစ် သမိုင်းဆိုင်ရာဖြစ်ရပ်‌တွေအ‌ပေါ် ‌သွေးရိုးသားရိုးနဲ့ အဖြစ်မှန်ကို ‌ဖော်ထုတ်တင်ပြတယ်၊ တာဝန်ရှိမှုအလိုက် မိမိတာဝန်ရှိမှုကို ထုတ်‌ဖော်ဝန်ခံတယ်၊ ‌လေး‌လေးနက်နက် ‌တောင်းပန် တယ်ဆိုရင် ဒီလုပ်ရပ်ဟာ ကြိုဆိုရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ သမိုင်းအဖြစ်မှန်ကို အကြံယုတ်နဲ့ ဖုံးကွယ်ဖို့၊ မှိန်‌ဖျော့ပျက်ပြယ်သွား‌စေဖို့၊ တလွဲတ‌ချော် ထင်‌ယောင် ထင်မှား ဖြစ်သွား‌စေဖို့ ‌ပြောဆိုပြုမူတာဆိုရင်‌တော့ ဒီလို သရုပ်ဖျက် လိမ်ညာမှုကို ပြတ်ပြတ်သားသား ‌ဖော်ထုတ်ဖွင့်ချရမှာပဲ ဖြစ် ပါတယ်။

‌ဆောင်းပါးအစမှာ ‌ကောက်နုတ်‌ဖော်ပြထားတဲ့ ကာချုပ် ‌ပြောဆိုချက်ကို အခုလို အပိုင်း နှစ်ပိုင်း ခွဲကြည့်ကြရ‌အောင်။

ပထမပိုင်းက “ယ‌နေ့အထိဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်နှင့်စတင်ခဲ့သည့် အချိန်ကာလအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့ခြင်း မဟုတ် ဘဲ သက်ဆိုင်ရာအစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့ခြင်း” ဆိုတဲ့အထိဖြစ်ပြီး။

ဒုတိယအပိုင်းက‌တော့ “မိမိတို့တပ်မ‌တော်အ‌နေဖြင့် နိုင်ငံ‌တော်နှင့်အစိုးရ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာ ကာကွယ်‌ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်” ဆိုတဲ့ အပိုင်း နှစ်ပိုင်းအဖြစ် ခွဲကြည့်ချင်ပါတယ်။

ပထမအပိုင်း
ပထမပိုင်းမှာ ဦးစွာအားဖြင့် “ပြည်တွင်းစစ်ကြီး” ဒီက‌နေ့အထိ ရှည်ကြာ‌နေတဲ့အချက်ကို အသိအမှတ်ပြုထားတာ ‌တွေ့ရ မယ်။ ဒါ‌ပေမယ့် “ပြည်တွင်းစစ်” ဆိုတဲ့ စကားလုံးကို တမင်‌ရှောင်ရှားထားပြီး “ယ‌နေ့အထိ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ” လို့သာ ‌ဖော်ပြထားတယ်။

‌နောက်တစ်ချက်က “ပြည်တွင်းစစ်”ဟာ စစ်တပ်နဲ့ စတင်ဖြစ်ပွားခဲ့တာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ‌ဖော်ထုတ်ထား တယ်။ ဒီအချက်က အမှားတစ်ဝက် အမှန်တစ်ဝက်နဲ့ ထမင်းရည်ပူလာ လျှာလွှဲဖို့ ‌ရော‌ထွေး‌ပြောဆိုထားတဲ့အချက်ဖြစ်တယ်။ သမိုင်းကို ပြန်ကြည့်တဲ့အခါ “ပြည်တွင်းစစ်”ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကို ထိုစဉ်က အာဏာရအစိုးရက အကြမ်းဖက် ဝင်‌ရောက် စီးနင်းတာက‌နေ စတင် ‌တောက်‌လောက်လာခဲ့တာဖြစ်တယ်ဆိုတာကို အထင်အရှား ‌တွေ့ရလိမ့်မယ်။ အဲဒီ‌နောက် (KNDO/MNDO) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု‌တွေနဲ့ ကူးစက်ဖြစ်ပွားလာပြီး “ပြည်တွင်းစစ်”ဟာ ကျယ်ပြန့်သွား ပါ‌တော့တယ်။

ဒီ‌နေရာမှာ အဓိကကြည့်ရမယ့်အချက်က “ပြည်တွင်းစစ်က ဘယ်သူနဲ့ စဖြစ်သလဲ” ဆိုတဲ့ အချက်မဟုတ်ဘဲ။ ‌ပေါက်ကွဲ လာတဲ့ လာတဲ့ “ပြည်တွင်းစစ်”မှာ ဘယ်ဘက်က‌နေ ရပ်တည်သလဲ။ ဘယ်ဘက်က‌နေ ပါဝင်တိုက်ခိုက်ခဲ့သလဲဆိုတဲ့ အချက်ကို မြင်‌အောင် ကြည့်ဖို့ဖြစ်ပါတယ်။ စစ်တပ်ဟာ အုပ်စိုးသူဘက်က ရပ်တည်ခဲ့တာကို အထင်အရှား‌တွေ့ရမှာဖြစ်သလို၊ စစ်တပ်ထဲက မ‌သေးလှတဲ့ အစိတ်အပိုင်း‌တွေကလည်း ‌တော်လှန်ပုန်ကန်တဲ့ ပါတီအဖွဲ့အစည်း‌တွေဘက်ကို ကူး‌ပြောင်းပြီး ရပ်တည်သွားကြ တာကိုလည်း အထင်အရှား ‌တွေ့ရမှာဖြစ်ပါတယ်။

သူပုန်တပ်‌တွေက ဝိုင်းရံပိတ်ဆို့ထားလို့ “ရန်ကုန်အစိုးရ” လို့ ပျက်ရယ်ပြုခံ‌နေရတဲ့ အ‌နေအထားက‌နေ ကယ်တင်ခဲ့တာ စစ်တပ်ပဲဖြစ်တယ်လို့ စစ်အုပ်စုက ဂုဏ်‌ဖော်၊ ဂုဏ်လုပ်ပြီး ‌ပြော‌နေတဲ့ စကားရှိပါတယ်။ ဒီစကားကို စစ်အုပ်စုက ရည်ရွယ်ချက် သုံးခုနဲ့ ‌ပြောတာလို့ ယူဆပါတယ်။

ပထမတစ်ခုက စစ်တပ် မရှိရင် မဖြစ်ဘူး။ မြန်မာ့နိုင်ငံ‌ရေးမှာ စစ်တပ်အခန်းကို ဘယ်လိုမှ ဖယ်ထုတ်ပစ်လို့မရဘူးဆိုတဲ့ ဆင်‌ခြေလိမ်ကို မှိုင်းတိုက်ဖို့ဖြစ်တယ်။ အ‌ရေးကြုံတဲ့အခါ စစ်တပ်ကသာ “ကယ်တင်ရှင်ဖြစ်တယ်”ဆိုတဲ့ စကားကို အထက်စီးက ‌နေ ‌ပြောဖို့ ဖြစ်တယ်။ ဒီ‌ပြောဆိုချက်က တနည်းအားဖြင့် “စစ်အုပ်စု” ကို “စစ်တပ် (ဝါ) တပ်မ‌တော်” ဆိုတဲ့ စကားလုံးနဲ့ ဖုံးကွယ် ထားတာလည်း ဖြစ်ပြန်တယ်။
ဒုတိယအချက်က နိုင်ငံ‌ရေးသမား‌တွေဟာ တိုင်းပြည်ကို ‌ချောက်ထဲတွန်းချသူ‌တွေဖြစ်တယ်လို့ တစ်‌ကြောင်းတိုက် တစ် ဖက်သတ် ဝါဒဖြန့်မှု‌တွေနဲ့ “ပါတီနိုင်ငံ‌ရေး”ကို လုပ်ကြံလီဆယ်ပြီး သရုပ်ဖျက်ဖို့ဖြစ်တယ်။
တတိယအချက်က ဒီလို ဆင်‌ခြေလိမ်‌တွေ၊ ‌ကောက်ချက်မှား‌တွေနဲ့ မှိုင်းတိုက်ပြီး “အမျိုးသားနိုင်ငံ‌ရေးမှာ တပ်မ‌တော်ရဲ့ ဦး‌ဆောင်မှု အခန်းကဏ္ဍ” ဆိုတာကို စစ်အုပ်စုက ထာဝစဉ် သိမ်းပိုက်ရယူထားနိုင်ဖို့ ဖြစ်တယ်။ ဒီအကွက်နဲ့ ဒီအာ‌ဘော်ကို ဖြန့် တာပါပဲ။

ဒုတိယအပိုင်း
“မိမိတို့ တပ်မ‌တော်အ‌နေဖြင့် နိုင်ငံ‌တော်နှင့်အစိုးရ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့် အဖွဲ့အ စည်း ပီသစွာ ကာကွယ်‌ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်တယ်” ဆိုတဲ့အချက်ကို ကြည့်ပါ။
“စစ်အုပ်စု” ဆိုတဲ့ ဘီလူးသဘက် ‌သွေးစုပ်‌ကောင်ကြီးကို ဖုံးကွယ်ထားဖို့နဲ့ “စစ်တပ်”ကသာ နိုင်ငံ‌တော်နဲ့အစိုးရတို့ရဲ့ “တာဝန်သိ ကယ်တင်ရှင်ဖြစ်တယ်” ဆိုတာကို ‌ပေါ်လွင်‌အောင် ဂုဏ်လုပ်ပြီး ‌ပြောထားတာဖြစ်ပါတယ်။

ဒီလို မဟုတ်မဟပ် ‌ပြောဆို‌နေမှုကို ‌ပေါ်လွင်‌စေဖို့ လွတ်လပ်‌ရေးရတဲ့ ၁၉၄၈ခုနှစ်က‌နေ ယ‌နေ့အထိ သမိုင်းကာလပိုင်း (နှစ်‌ပေါင်း ၇၀‌ကျော်ကာလ)ကို အပိုင်းနှစ်ပိုင်း ခွဲကြည့်နိုင်ဖို့ လိုအပ်ပါတယ်။

– အပိုင်း ၁။ ၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ် (ဗိုလ်‌နေဝင်းအာဏာမသိမ်းမီ)အထိ “ပါလီမန်ဒီမိုက‌ရေစီအစိုးရ အုပ်စိုး‌သောအပိုင်း”

– အပိုင်း ၂။ ၁၉၆၂မှ ယ‌နေ့ကာလအထိ (‌တော်လှန်‌ရေး‌ကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ (နဝတ -နအဖ) စစ် အစိုးရ) စသဖြင့် အသွင်မျိုးစုံယူပြီး “စစ်အုပ်စု”က တိုင်းပြည်နဲ့ လူထုအ‌ပေါ် စိတ်ကြိုက်ခြယ်လှယ် အုပ်စိုးထားနိုင်တဲ့ ကာလပိုင်း

ဒီအပိုင်းနှစ်ပိုင်းမှာ အ‌ပေါ်ယံ အချက်အလက်ဖြစ်တဲ့ နှစ်ကာလပိုင်းကိုပဲ ကွက်ပြီး နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အမည် မျိုးစုံ၊ အသွင်မျိုးစုံယူပြီး စစ်အုပ်စုက အုပ်စိုး‌နေတဲ့ ကာလပိုင်းဟာ ရှည်လျားကြာမြင့်လှပြီ ဖြစ်တယ်ဆိုတဲ့အချက်ကို အထင်အ ရှား မြင်‌တွေ့ရပါလိမ့်မယ်။

တနည်းအားဖြင့် ပြင်းထန်ရှည်ကြာလာတဲ့ ပြည်တွင်းစစ်ထဲမှာ အုပ်စိုးသူ အစိုးရအဖို့ “စစ်တပ်” လိုအပ်ချက် ကြီးမား လာပါတယ်။ စစ်အုပ်စု ဖွဲ့တည်လာပုံ၊ စစ်အုပ်စုက စစ်တပ်တစ်ခုလုံးကို တစတစနဲ့ ချုပ်ကိုင်လာနိုင်ပြီး ပါလီမန်အစိုးရကို ဖိအား ‌ပေး အကြပ်ကိုင်နိုင်တဲ့အထိ ‌ရောက်လာပါတယ်။ (အိမ်‌စောင့်အစိုးရ ဖွဲ့စည်းရတာဟာ စစ်အုပ်စုက အကြပ်ကိုင်မှု‌ကြောင့်ပါ)။ ‌နောက်ဆုံးမှာ ပါလီမန်အစိုးရအဖွဲ့ကို ဖမ်းဆီး‌ထောင်ချ၊ အ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းကာ လုံးဝ အာဏာသိမ်းပိုက်နိုင်တဲ့ ကြီးထွား လာပြီး၊ တစ်တိုင်းတစ်ပြည်လုံးကို စိတ်ကြိုက်လွှမ်းမိုး ခြယ်လှယ်နိုင်တဲ့ အ‌နေအထားကို ‌ရောက်ရှိလာပါ‌တော့တယ်။

ဒါဟာ ဒီက‌နေ့အထိ ရှည်ကြာ‌နေတဲ့ ပြည်တွင်းစစ်ဆိုတဲ့ သမိုင်း‌ကြောင်းထဲမှာ စစ်အုပ်စု ဖွဲ့တည်လာမှု၊ စစ်အုပ်စုက စစ် တပ်ကို ခါးပိုက်‌ဆောင်တပ်သဖွယ် ချုပ်ကိုင်လာနိုင်မှု၊ နိုင်ငံ‌ရေးအာဏာ တာရှည် သိမ်းပိုက်ထားနိုင်မှုဆိုတဲ့ သမိုင်း‌ကြောင်းကို အထင်အရှား ‌ဖော်ပြ‌နေတဲ့ အညွန်း‌မြေပုံပဲ ဖြစ်ပါတယ်။

တဆင့်တိုးပြီး မြင်နိုင်‌စေတဲ့အချက်က ပြည်တွင်းစစ်ဆိုတဲ့ အ‌ကြောင်းအချက်တည်ရှိမှုဟာ စစ်အုပ်စုကို သ‌န္ဓေတည် ‌မွေးဖွား၊ ကြီးပြင်းလာ‌စေတယ်။ စစ်တပ်ကို စစ်အုပ်စုရဲ့ခါးပိုက်‌ဆောင်တပ်သဖွယ် ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်လာနိုင်‌စေတယ်။ ဒီလို ချုပ်ကိုင်လာနိုင်မှုက စစ်အုပ်စုရဲ့နိုင်ငံ‌ရေး အာဏာသိမ်းပိုက်ထားမှုကို ရှည်ကြာ‌စေတယ်။ တိုင်းပြည်နဲ့လူထုကို ဆင်းရဲမွဲပြာကျ ‌စေတယ်။ စစ်အုပ်စုဝင် ဗိုလ်ချုပ်ကြီး‌တွေရဲ့ အာဏာနဲ့ ဓနဥစ္စာဟာ ကြာ‌လေကြာ‌လေ ကျယ်ပြန့်ကြီးမားလာ‌စေပါ‌တော့တယ်။

“ပြည်တွင်းစစ်”က စစ်အုပ်စုကို အ‌ကောင်‌ပေါက် အစွယ်ထွက် ကြီးပြင်းလာ‌စေတယ်။ “စစ်အုပ်စု” တည်တံ့ခိုင်မြဲ‌ရေးအ တွက် ပြည်တွင်းစစ်ဟာ ပင်မ‌ရေ‌သောက်မြစ် ဖြစ်တယ်။ “ပြည်တွင်းစစ်နဲ့ စစ်အုပ်စု”တို့ဟာ “ကျွန်းကိုင်းမှီ – ကိုင်းကျွန်းမှီ” ဆိုသ လို အပြန်အလှန် လိုအပ်ချက်အရ မခွဲမခွာ တည်ရှိ‌နေတယ်ဆိုတဲ့ အချက်‌တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာနိုင်‌စေပါတယ်။

ဒီ‌တော့ “ပြည်တွင်းစစ်”ကို ရပ်စဲဖို့ ‌ပြောကြတဲ့အခါ “စစ်အုပ်စု”ကိုလည်း အကုန်အစင် ဖယ်ရှားဖို့ မုချလိုအပ်တယ် ဆိုတာကို အမြဲတ‌စေ တွဲဖက်ပြီး ဘာ‌ကြောင့်‌ပြော‌နေကြရတာလဲ ဆိုတဲ့အချက်ကို ပိုပြီး လွယ်လွယ်ကူကူ သ‌ဘော‌ပေါက်သွား ‌စေနိုင်ပါလိမ့်မယ်။

အထက်ပါ အချက်‌တွေဟာ “(DSA) အမှတ်စဉ် ၆ဝ သင်တန်းဆင်းပွဲ၊ ကာချုပ် မိန့်ခွန်း” ဖတ်ပြီး‌နောက် ဆက်စပ်‌တွေးမိ သမျှထဲက အချို့ကို ‌ရေးသားတင်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။