နိုုဝင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်လူမျိုးတို့၏ ဝေါဟာရအခေါ်အဝေါ်ဖြင့် ခေါ်ဆိုသည့် ကဏ္ဍအသီးသီးရှိ အမည်နာမများ မပျောက်ကွယ် ရေးအတွက် ကရင်လူထုများတွင် အမျိုးသားရေးအသိရှိရန်လိုအပ်သည်ဟု ကရင်ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုး တက်ပြန့်ပွားရေးအသင်း ဒုဥက္ကဌ စောခီသောင့်က ယနေ့(နိုဝင်ဘာ ၁၅ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
ဖားအံမြို့၊ ကရင်ကျောင်းသားများ ရိပ်သာ (KSC)၌ နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ကရင်ပြည်နယ် စာ/ ယဉ် အသင်း၏ တွေ့ဆုံဆွေးနွေးပွဲ ဆုံးဖြတ်ချက်တစ်ခုဖြစ်သော ကရင်လူမျိုးတို့၏ ဝေါဟာရအခေါ် အဝေါ်ဖြင့် ခေါ်ဆိုသည့် ကဏ္ဍအသီးသီးရှိ အမည်နာမများ မပျောက်ကွယ်ရေး၊ လေးနက်သည့် အဓိပ္ပါယ်နှင့် တန်ဘိုးမကျဆင်းစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် ဟူသည့်အချက်နှင့်ပတ်သက်၍ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာတွင်ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
စောခီသောင့်က “အမျိုးသားရေး အသိစိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်။ အရင်တုန်းက ကရင်လူငယ် တချို့ဟာ ကရင်နာမည် ပေးတောင်မှ ကဲ့ရဲ့ကြတယ်။ သိမ်ငယ်ကြတယ်။ အဲ့တုန်းက အမြင်က တစ်မျိုးလေ။ ဒီခေတ်အမြင်ကတော့ ကိုယ့်မျိုးနွယ်စု အမည်မှ ကို်ယ်မထိန်းသိမ်းရင် ဘယ်သူမှ လာထိန်းသိမ်းပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ လုပ်ရမယ်။”ဟု ပြောသည်။
ထိုသို့ လူထုအကြား အမျိုးသားရေးအသိစိတ်ဓာတ်များ သိရှိကိန်းအောင်းလာရန် စာ/ယဉ်အနေဖြင့် စာပေ သင်တန်းကဲ့ သို့သော နေရာမျိုးတွင် စည်းရုံးရေးများ ဆက်လက်လုပ်ဆောင်ကာ ပြည်နယ်မှသည် မြို့နယ်၊ ရပ်ရွာများအထိ ပျံ့နှံ့စွာ စည်းရုံးလှုံ့ဆော်သွားမည်ဖြစ်ကြောင်း ပြည်နယ် စာ/ ယဉ်တာဝန်ရှိသူများက ပြောသည်။
အဆိုပါကိစ္စအပေါ် ကရင်မဂ္ဂဇင်းအယ်ဒီတာတစ်ဦးဖြစ်သူ စောယောင့်သာအဲဆန်က “ပြည်နယ် စာ/ယဉ်ကို အကြံပြုချင် တာက သက်ဆိုင်ရာပြည်နယ်ကို လူထုအသံယူရမယ်။ ကျနော်တို့မှာ ဒီလိုမူ ရှိတယ်ပေါ့ဆိုပြီး လူထုကိုချပြရမယ်။ ပြည် နယ်ပြီးရင် မြို့နယ်၊ ကျေးလက်တွေအထိ ပြန်လည်ချပြရမယ်။
ဥပမာ-နှစ်အိမ်ရွာဆိုရင် ကရင်လို (ယွာ.သင့်ထး)ဟာ ယွာ သောင့်ထားပေါ့။ နှစ်အိမ်လို့ဖြစ်နေတာကို ယွာသောင့်ထားလို့ ပြောင်းမယ်ဆိုရင် မြို့နယ်က ပြောင်းပေးမှာလား။ ပြောင်းပေး နိုင်ဖို့အတွက်က ပြည်နယ် စာယဉ်အနေနဲ့ ဘယ်လို လမ်းစဉ်တွေရှိလဲ။ ဌာနဆိုင်ရာတွေနဲ့ဘယ်လို ဆက်လက်လုပ်ဆောင် သွားမလဲ ဆိုတာကိုလည်း ချပြပေးပါ” ဟုပြောသည်။
ထို့အပြင် ပြည်နယ် စာ/ယဉ် အသင်း၏ တွေ့ဆုံဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်မူများထဲတွင် ကရင်အမည်များ မပျောက် ကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းများအပြင် စာပေသင်ကြားရေးကိစ္စရပ်များ၊ ယဉ် ကျေးမှု (တူရိယာ၊ တေးသီချင်း၊ အက၊ ဝတ်စားဆင်ယင်မှု)၊ ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများ၊ ကရင်အမျိုးသားအလံတော်နှင့်သီချင်းကိစ္စရပ်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။



















