နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
Youth People for Development-YPD (ကရင်) မှ ဦးဆောင်၍ နယ်စပ်ဒေသနှင့် ပြည်တွင်း ကရင်လူငယ် ကျောင်းသား များ ပါဝင်သည့် အသိပညာနှီးနှောဖလှယ်ပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်ရှိ သူးမွဲခီး အထက်တန်းကျောင်း၌ နိုဝင်ဘာလ ၁၂ ရက်မှ ၁၄ရက်နေ့အထိပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်ရှိ လေးကေကော်၊ သေ့ဘောဘိုးအပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီး ဒေသမှ ကရင်လူငယ် (၆၀)ကျော် ပူးပေါင်းပါဝင်၍ ရွှေ့ပြောင်းဒေသရှိ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်အ ခြေအနေများကို လေ့လာမှုပြုကာ ပြန်လည်အသိပေးဖလှယ်ကြခြင်းဖြစ်သည်ဟု အစီအစဉ်တွင် ဦးဆောင်ပါဝင် သူ YPD-Country Coordinator စောကွီးကွီက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ တက်လာတဲ့ လူငယ်တွေကို (၅)အုပ်စုခွဲပြီးတော့မှ မဲဆောက်ဒေသရှိ ကျောင်းအချို့ ကို ပညာရေးအခြေအနေတွေသွားလေ့လာခိုင်းတယ်။ နောက်ပြီး ကျန်းမာရေးအခြေအနေသွားလေ့လာခိုင်းတယ်။ နောက်တစ်ဖွဲ့က စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ စားဝတ်နေရေး၊ ဝင်ငွေတွေစတဲ့ ရွှေ့ ပြောင်းအခြေအနေ တွေကို သွားလေ့လာခိုင်းပြီးတော့ နောက်အဖွဲ့ကိုတော့ နယ်စပ်ကူးလူးသွားလာတဲ့ သူတွေရဲ့အခြေအနေနဲ့ SMRUကို အခြားတစ်ဖွဲ့က ကျန်းမာရေးသွားလေ့လာခိုင်းပါတယ်”ဟု ပြောသည်။

ထိုသို့လေ့လာတွေ့ရှိချက်များကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် (Diakonia)အဖွဲ့မှ ရွှေ့ပြောင်းဒေသ အခြေအနေ များကို လာရောက် အကဲဖြတ်လေ့လာသည့် နိုင်ငံတကာဧည့်သည်များကို ပြန်လည်တင်ပြဆွေးနွေးပြပေးရပြီး ၎င်း တင်ပြဆွေးနွေးမှုများသည် နိုင်ငံတကာအတွက် သတင်းစကားတစ်ခုဖြစ်သွားရန် မျှော်လင့်ထားကြောင်းလည်း စောကွီးကွီ က ဆက်ပြောသည်။
YPD ကရင်မှ ဦးဆောင်၍ ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်း ဒေသတွင်း ကရင်လူငယ်များအကြား အသိပညာနှီးနှော ဖလှယ်ပွဲကို မြဝတီခရိုင်၊ လေးကေကော်မြို့သစ်၌ ပထမအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ယခုသူးမွဲခီးအထက်တန်း ကျောင်းတွင် ဒုတိယအကြိမ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ YPDကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ လူငယ်များနှင့်စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံတစ်ခုစီ၏ ဒေသတွင်း YPDအဖွဲ့များလည်း ဖွဲ့စည်းပေးထားသည်။



















