Home သတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းအတွင်း တစ်လပျမ်းမျှ ၃ဝ ဦး‌ကျော် ဝက်သက်ဖြစ်ပွား‌နေ

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းအတွင်း တစ်လပျမ်းမျှ ၃ဝ ဦး‌ကျော် ဝက်သက်ဖြစ်ပွား‌နေ

2450

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူဦး‌ရေ ငါး‌ထောင်‌ကျော် ခိုလှုံ‌နေရဆဲဖြစ်သည့် မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် စခန်း တွင် ယခုလပိုင်းအတွင်း တစ်လလျှင် ပျမ်းမျှ လူဦး‌ရေ ၃ဝဦး‌ကျော် ဝက်သက်‌ရောဂါ ဖြစ်ပွား‌နေ‌ကြောင်း သိရသည်။

အဆိုပါ ဝက်သက်‌ရောဂါမှာ စစ်‌ရှောင်စခန်းအတွင်း ပြီးခဲ့သည့်စက်တင်ဘာလအစပိုင်း၌ အနည်းငယ် စတင်ဖြစ်ပွားခဲ့ရာမှ လက်ရှိအချိန်တွင် ဝက်သက်ဖြစ်ပွားသူများမှာ က‌လေးလူငယ်များသာမကဘဲ ကာကွယ်‌ဆေး ထိုးနှံထားခြင်းမရှိသည့် လူကြီး လူရွယ်များပါ ဖြစ်ပွား‌နေခြင်းဖြစ်သည်။

စစ်‌ရှောင်စခန်း ကျန်းမာ‌ရေးဆရာမ ‌နော်နန်းသဇင်က “တစ်လတစ်လကို ဖြစ်လိုက်၊ ကုလိုက် နဲ့ ဆိုရင် ၂၀‌ကျော် ၃၀‌တောင် မကဘူးထင်တယ်။ တကယ်တမ်းကျ‌တော့ ကာကွယ်‌ဆေးမထိုး‌တော့ ခံနိုင်ရည်မရှိဘူး‌ပေါ့။ တစ်ချို့ကျ‌တော့ ကာကွယ်‌ဆေး ထိုးထား‌ပေမယ့် သူ့ပတ်ဝန်းကျင်မှာ အိမ်‌တွေက တအားကပ်‌နေ‌တော့ ဖြစ်တာ‌တောင်မှ သိပ်မဆိုး ဘူး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝက်သက်‌ရောဂါမှာ အများအားဖြင့် က‌လေးငယ်များတွင်သာအဖြစ်များသည်ဟုသိရပြီး ‌ဆေးကုသမှုမပြုပါက ပြင်းထန် သည့်ဝက်သက်‌ရောဂါအပြင် အခြား‌ရောဂါများလည်းဝင်လာနိုင်သကဲ့သို့ နာတာရှည် ဝမ်းပျက်ဝမ်း‌လျှောများ၊ မျက်စိကွယ်ခြင်းများ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်‌ကြောင်းလည်း သိရသည်။

စခန်းတွင်‌နေထိုင်သူ ‌နော်လှသိန်းက “အဘွားအိမ်မှာ ‌မြေး‌တွေ ၄‌ယောက်ရှိတယ်။ အ‌ဖေအ‌မေမရှိ‌တော့ အဘွားပဲကြည့် တယ်။ ၃ ‌ယောက်ကဝက်သက်‌ရောက်ဂါဖြစ်တယ်။ ကူးကြလို့ဖြစ်မယ်။ တစ်ခါထဲဖြစ်တယ်။ ဝက်သက်က အ‌ညှော်ထိလို့ မရဘူးဆို‌တော့ အိမ်ကလည်း တစ်လုံးနဲ့တစ်လုံးနီး‌တော့ က‌လေး‌တွေကို ‌တော်‌တော်စိုးရိမ်ရတယ်။ တခြားဟာလည်း ဘာမှ‌ကျွေးဖို့မရှိဘူး။ ‌ဆေးခန်းသွားတယ်။ ပြီးရင် ဆန်ပြုတ်ဖြူဖြူနဲ့ ပဲ‌ကျွေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ဘေး‌ရှောင်စခန်းတွင်းရှိ ဝက်သက်‌ရောဂါဖြစ်ပွား‌နေသူများကို လတ်တ‌လော စခန်းအတွင်းရှိ ကျန်းမာ‌ရေး ‌ဆေး‌ပေးခန်းများတွင် ကုသ‌ပေး‌နေသည့်အပြင် အချို့မှာ ရပ်ကွက်အတွင်းရှိ ‌ဆေးကုခန်းများတွင် သွား‌ရောက် ကုသမှုများရှိ‌ကြောင်းလည်း သိရသည်။

ယခုဖြစ်ပွား‌နေသည့် ဝက်သက်‌ရောဂါမှာ စစ်‌ဘေး‌ရှောင်စခန်းအတွင်း ပြီးခဲ့သည့် ၂ နှစ်အတွင်း ဖြစ်ပွားခဲ့ဘူးခြင်းမရှိဘဲ ယခုနှစ်မှသာ စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ကျန်းမာ‌ရေးဝန်ထမ်းများ၏ ‌ပြောပြချက်များအရ သိရသည်။