နိုဝင်ဘာ ၁၇ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ဖွင့်လှစ်ပေး ထားသော ဆန္ဒအလျောက်ဌာနေပြန်သွားရေး အကျိုးဆောင်ဌာန (Voluntary Repatriation Center–VRC) မှ တဆင့် အမည်စာရင်း လာရောက်တင်သွင်းထားသူ ၁၈ ဦးကို ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရမှ တာဝန်ရှိသူများက ယခုလ ၁၅ ရက်နေ့ တွင် လူတွေ့မေးမြန်းမှုပြုလုပ်ပြီးစီးခဲ့ပြီးဟု စခန်းတွင်းတာဝန်ရှိသူများက ပြောသည်။
စခန်း၏ အတွင်းရေးမှူး စောဆဲစန်က “ပြည်တွင်း ပြန်မဲ့သူက ၂၁ ဦး နာမည်စာရင်းပေးထားတာရှိတာပေါ့။ ဒါပေမဲ့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ လာပြီးအတည်ပြု စစ်ဆေးမှုရယူတဲ့အခါ ၁၈ဦးပဲရှိတော့ တယ်လို့ သိရတယ်။ အဲ့ ၁၈ဦးထဲမှာမှ ၈ ဦးက မပြန်တော့ဘူးလို့ သိရတယ်။ အိမ်ထောင်စုအားဖြင့် ၅ စုပေါ့ ။ ဒါပေမဲ့ မည်သူ၊ မည်ဝါမှန်းတော့ ကျနော်တို့လည်း အသေအချာမသိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ပြန်ပို့ရန် စီစဉ်နေသည့် တတိယအသုတ်တွင် မယ်လဒုက္ခသည်စခန်းအပြင် နို့ဖိုး၊ အုန်းဖျန်၊ ထမ်းဟင် စသည့် ဒုက္ခသည်များလည်းပါဝင်ပြီး ၎င်းဒုက္ခသည် စခန်းများကို ပြီးခဲ့သည့် အပတ်ခန့်က နှစ်နိုင်ငံတာဝန်ရှိသူများမှ လူတွေ့ မေးမြန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း စောဆဲစန်က ဆက်ပြောသည်။
ထိုသို့ တွေ့ဆုံမေးမြန်းခဲ့သည့် အခြေအနေနှင့် လူဦးရေစာရင်းအပြင် ပြန်ပို့မည့် အစီအစဉ်များကို ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး-UNHCRမှ တာဝန်ရှိသူများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က ကေအိုင်စီမှ အီးမေးလ်ပို့မေးမြန်မှုပြု ထားသော်လည်း အကြောင်းပြန် ကြားခြင်းမရှိပေ။
UNHCR က ပြီးခဲ့သည့် ဩဂုတ်လတွင် ကေအိုင်စီသို့ ပြောကြားရာမှာ ၎င်းတို့အနေဖြင့် ဒုက္ခသည် စုစုပေါင်း ၁ဝဝ ကျော်ကို ပထမအသုတ်နှင့် ဒုတိယ အသုတ်အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ် ကြောင်း၊ လာမည့် တတိယ အသုတ်ပို့ဆောင်မှုအတွက် အောက်တိုဘာလလောက်တွင် စတင်ရန် ခန့်မှန်းထားသော်လည်း ရာသီဥတု အခြေအနေအရ ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုအရ ထိုင်းနိုင်ငံ ပြည်ထဲရေး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် UNHCRတို့ အစီအစဉ်ဖြင့် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ ဒုက္ခသည်များကို ၂၀၁၆ ခုနှစ်၊ အောက်တို ဘာလ ၂၆ရက်နေ့တွင် ပထမအသုတ်အဖြစ် နို့ဖိုးဒုက္ခသည်စခန်းမှ လူဦးရေ ၆၅ ဦးပါ အိမ်ထောင်စု ၁၉ စုနှင့် ယခုနှစ် မေလ ၇ရက်နေ့တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး ၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi ကရင်နီ ဒုက္ခသည်စခန်း များမှ လူဦးရေ ၉၃ ဦးတို့ကို ဒုတိယအသုတ် အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပို့ ဆောင်ပေးခဲ့ပြီးဖြစ် သည်။
ထိုသို့ နေရပ်ပြန် ဒုက္ခသည်များအား သယ်ယူပို့ဆောင်ရေး ၊ ခရီးစရိတ်နှင့် စားနပ်ရိက္ခာတို့ကို UNHCR ကနေ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration-IOM) မှ ကူညီပေးခဲ့ပြီး ခရီးစရိတ်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁,၈၀ဝနှင့် ဘဝပြန်လည်ထူ ထောင်ရေးအတွက် လူကြီး တစ်ဦးလျှင် ဘတ် ၅,၄၀၀၊ ကလေးတစ်ဦးလျှင် ဘတ် ၃,၆၀၀၊ စားနပ်ရိက္ခာအကူအညီအတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP)၏ အစီအစဉ်ဖြင့် အစားအစာ ၆ လစာနှင့်ညီမျှသော ငွေကြေးကို လူတစ်ဦးလျှင် ဘတ်ငွေ ၂,၁၀ဝ စီအပြင် ခြင်ထောင်၊ အမျိုးသမီး လစဉ်သုံး၊ ခရီးဆောင်အိတ်နှင့် စာရွက်စာတမ်းထည့်သည့်ဖိုင်များကို IOM မှ တစ်ဆင့် ပေးအပ်ကူညီခဲ့သည်ဟုလည်း UNHCR ထုတ်ပြန်ထားချက်အရ သိရသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘန့်ဒုံ ယမ်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ်(၂) စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ စုစုပေါင်း ၁ သိန်းခန့် ခိုလှုံနေဆဲဖြစ်သည်ဟု ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။