နိုဝင်ဘာ ၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ (ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်) တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၃ဝဝ ဦးခန့် ကို လူမှုရေးပြစ်ဒဏ်ဖြင့် အရေးယူထားသည်ဟု ကရင်ရဲတပ်ဖွဲ့(KNPF) တာဝန်ရှိများက ပြောသည်။
ဝင်းရော်ဒေသအတွင်း KNU တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာ၂ဝ တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူနှင့် သုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်ဖြင့် အရေးယူထားပြီး ဟန့်တားရေးနှင့် ပညာပေးတဲ့အစီအစဉ်ဖြင့် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဝင်းရေးမြို့နယ်၊ အမှတ် ၄ စခန်းမှူး စောငြိမ်းချမ်း က နိုဝင်ဘာ ၂ ရက်နေ့ ကေအိုင်စီသို့ ပြောသည်။
၎င်းက“ အောက်တိုဘာလမှာပဲ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးရောင်းဝယ် သုံးစွဲ သူ ၃ဝဝ နီးပါးကို လူမှုရေးပြစ်ဒဏ် ၃လနဲ့ အရေးယူထားတယ်။ ၃၅ အထက် လူကြီးတွေများတယ်။ လူငယ်တွေ သုံးစွဲမှု နည်းသွားပြီး။ အရေးယူခံရတဲ့သူတွေကို ရွာမှာပဲထားတယ်။ ရွာကလူမှုရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ် ဆောင်ခိုင်းထားတယ်။ နိုင်ငံတော်နဲ့ယှဉ်ပြီး ဖမ်းဆီးနိုင်ဖို့ ကျနော်တို့ မြို့နယ်တစ်ခုထဲအနေနဲ့ မလုပ်နိုင်သေးဘူး” ဟု ပြောသည်။
ဝင်းရော် ဒေသတွင်း ဖားပြ၊ ဝင်းထောင်း၊ ကကတစ်၊ နန်းခွီ၊ သံပရာ၊ အနန်းကွင်း၊ ခုံခံ၊ ဝင်းခန၊ တညင်၊ လွတ်ရှမ်းရွာရှိ ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို အရေးယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ရွာများကိုလည်း ဆက်လက် အရေးယူဆောင်ရွက်သွား မည်ဟု ကရင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖားပြကျေးရွာလူငယ်စည်းရုံးရေးမှူး စောမျိုးဆက်သစ်က “ မြင်းဆေးရောင်းသူက တစ်နေရာ၊ သောက်သူက တနေရာထားပြီး အရေးယူထားတာတွေ ရှိတယ်။ ရွာလူကြီးတွေနဲ့ ဆွေးနွေးပြီး လုပ်ဆောင်တာပါ။ ကျနော်တို့ တစ်ရွာထဲမှာဆို တစ်သုတ်ပြီး တသုတ်အရေးယူထားတာဆိုတော့ လူရာနဲ့ ရှိမယ်ထင်တယ်။
သုံးစွဲရောင်းဝယ်သူ ခုရွာမှာ မရှိသလောက်ဖြစ်သွားပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
KNU ဝင်းရေးမြို့နယ်အနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများကို ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လမှ၂ဝ၁၈ ခုနှစ်၊ မေလအထိ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူဦးရေး ၂ဝဝ ကျော်၊ ဆေးပြားအလုံးရေး တစ်သိန်းကျော် ဖမ်းဆီး အရေးယူခဲ့ပြီး အများပြည်သူရှေ့မှာ ၄ ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့ဘူးသည်။