ဩဂုတ် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
ဒေသခံ ကရင်အမျိုးသမီး (၆)ဦးမှ ဦးဆောင်ပြီး ကရင်ပြည်နယ်၊ မူတရော်(ဖာပွန်)ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တွင် တောတွင်းသစ်ခွမျိုးစိတ်ပေါင်းရာချီကို ပထမဦးဆုံးအကြိမ် သုတေသနပြုရှာဖွေဖော်ထုတ်ခဲ့ပြီး သစ်ခွအစီရင်ခံစာ တစ်စောင်ကိုပြုစုကာ ယမန်နေ့က အီတူးထကျေးရွာတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေပြည် သူများနေ့ အခမ်းအနား၌ မိတ်ဆက်ပြသလိုက်သည်။
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ သစ်ခွပန်းအမျိုးအစားဖြစ်သည့် ကဆောထယ်၊ သောသီပေါ်ဝေါ် ဒေသခံ သစ်တောကြိုးဝိုင်းနှစ်ခုတွင် ၂၀၁၂မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ်တာအချိန်ယူ၍ သုတေသနပြုရှာဖွေခဲ့ရာ သစ်ခွမျိုးစိတ်ပေါင်း ၁၂၁ မျိုး နှင့် ၎င်းမျိုးစိတ်အုပ်စုဝင်(၃၇)မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သုတေသနပြုမှုတွင်း ဦးဆောင်ပါဝင်သူ နော်ဆာယူက ကေအိုင်စီသို့ပြောသည်။
“ကျမတို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာရှိတဲ့ ဒေသခံအမျိုးသမီးတွေနဲ့ အုပ်စုဖွဲ့ပြီးတော့မှ ပူးပေါင်းရှာဖွေကြ တာပေါ့။ ကျမတို့ ဌာနေတိုင်းရင်းသား ရှေးဘိုးဘွာဘီဘေတွေ လက်ထက်ကတည်းက ကြည်ယုံ မှုရှိတာက ဒီပန်းတွေက ဆန်စပါးလိပ်ပြာတွေဖြစ်တယ်။ နောက်ပြီးတော့ ရောဂါဘယတွေကိုပျောက်ကင်းစေတယ်။ ဒီပန်း တွေကို လာပြီးခူးယူသွားရင် မြစ်ချောင်း၊ အင်းအိုင် ခမ်းခြောက်စေတယ်။ ဌာနေတိုင်းရင်းသားတွေအတွက် ထိန်းသိမ်းစောင့်ရှောက်ရမဲ့ အမျိုးအစားထဲက တစ်ခုဖြစ်တယ်” ဟု ပြောသည်။
ထိုသို့ သုတေသနပြုရှာဖွေရာတွင် သစ်ခွပန်းမျိုးစိတ်များကို ဦးဆောင်သူ အမျိုးသမီးများက ဓါတ်ပုံရိုက်ယူခြင်း၊ အပွင့်အဖတ်နှင့် အပင်မျိုးစိတ်များကို ယူဆောင်ပြီး အမည်မသိသည့် ပန်းများကို ဝါရင့်လူကြီးများကို မေးမြန်း ရယူကာ အမည်များကို ကရင်ဘာသာဖြင့် မှတ်ယူပြီး သိပ္ပံအမည်များကို (Kasetsart University) မှ ကူညီရှာ ဖွေမှတ်ယူပေးခဲ့သည်။

၎င်းသုတေသနပြုရှာဖွေတွေ့ရှိခဲ့သည့် သစ်ခွမျိုးစိတ်ပေါင်း ၁၂၁ မျိုး၏ (၇၇)ရာခိုင်နှုန်းသည် ကမ္ဘာတွင် ရောင်း ဝယ်မှု တားမြစ်ထားသောမျိုးစိတ်များပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ခြင်း အဖွဲ့ (IUCN)၏ မျိုးတုံးပျောက်ကွယ်တော့မည့် ခြိမ်းခြောက်ခံရမှုစာရင်းဝင် (Paphiopedilum Villosum) သစ်ခွအမျိုး အစားကိုပါ ရှာဖွေတွေ့ရှိခဲ့သည်ကို အစီရင်ခံစာအရ သိရသည်။
ကရင်သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(KESAN)၏ မီဒီယာ တာဝန်ခံ နော်ဆာမူး က “ကျမတို့ ဒေသတွင်း သစ်ခွပန်းရှာဖွေသုတေသနပြုတဲ့ ဒီအစီရင်ခံစာကို ကူညီထုတ်ပေးတာက သံလွင်ငြိမ်း ချမ်းရေးဥယျာဉ်ထဲမှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေ စီမံခန့်ခွဲမှုကို ပိုမိုမြှင့်တင်ပေးဖို့ဖြစ်တယ်။ နောက်ပြီး ဒီလို ရှား ပါးမျိုးစိတ်ဝင်သစ်ခွပန်းတွေ ကျမတို့ ကရင်ပြည်နယ်ရဲ့ ထိန်းသိမ်းရေးနယ်မြေတွေမှာရှိနေသေးတယ်ဆိုတာ ကိုလည်း ဖော်ပြချင်သလို ဒီပန်းတွေကို ထိန်းသိမ်းခြင်းဖြင့် ဌာနေလူထုတွေအတွက် အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။
ထိုသို့ သုတေသနပြုရှာဖွေဖော်ထုတ်မှုကို (KESAN)နှင့် ဒေသခံလူထုသဘာဝ အရင်းအမြစ်နှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖောင်ဒေးရှင်း(People Resources and Conservation Foundation)တို့မှ ကူညီထောက်ပံ့ ပေးခဲ့ပြီး နော်ဆာယူ၊ နော်ပုလဲ၊ နော်ဘုဝါးဖော၊ နော်မုခိုဖော၊ နော်ဘူလားပလောနှင့် နော်ဗျူးထီစေးစသည့် ပညာရှင်မပါဝင်သော ဒေသခံကရင်အမျိုးသမီး(၆)ဦးမှ ဦးဆောင်ခဲ့ခြင်းဖြစ်သည်။



















