ဧပြီ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၃ဝ နှင့် မြိုင်ကြီးငူဒေသအနီးတဝိုက်တွင် မိုင်းရှင်းလင်းရေး ဦးစားပေးနေရာအဖြစ် စတင်လုပ်ဆောင်သွားမည်ဟု ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဇော်မင်း ဧပြီ ၄ ရက်နေ့တွင် ပြောသည်။
‘ကာကွယ်စောင့်ရှောက်မှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လှမ်းချီစို့’ ဆောင်ပုဒ်ဖြင့် ယနေ့(ဧပြီလ ၄) ရက် ဖားအံမြို့ သီရိဖားအံဟိုတယ်၌ပြုလုပ်သည့် နိုင်ငံတကာ မိုင်းအသိပညာပေးခြင်းနှင့် မိုင်းဆိုင်ရာ အကူ အညီများ နိုင်ငံတကာနေ့ အခမ်းအနားအပြီးတွင် သူက သတင်းထောက်များကို ယခုလိုပြောကြားခြင်းဖြစ်သည်။
၎င်းက “ ပထမဆုံးအနေနဲ့ကရင်ပြည်နယ်အစိုးရ ရည်ရွယ်ထားတာကတော့ မြိုင်ကြီးငူ ကျုံထော်ရေတံခွန် တဝိုက်နဲ့ ရင်းပိုင်းအုပ်စုပေါ့။ မြို့နယ်အနေနဲ့ပြောမယ်ဆိုရင် လှိုင်းဘွဲမြို့နယ်ထဲမှာပေါ့။ အကြောင်း အမျိုး မျိုးကြောင့် မြိုင်ကြီးငူစစ်ဘေးရှောင်လာတဲ့ မိသားစုတွေ သူတို့ရပ်ရွာတွေကို အမြန်ဆုံးပြန်လည်ပြီးတော့ အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ပြောသည်။
မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အကြိုစူးစမ်းလေ့ လာမှုများပြုလုပ်နိုင်ရေးအတွက် ပြည်နယ် အစိုးရထံ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် NGO များ ပူးပေါင်းကာ လျာထားနေရာများတွင် ယခုနှစ်အတွင်း မိုင်းရှင်းလင်းရေး အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အခမ်းအနား တက်ရောက်လာသည့် KNU/KNLA(PC)မှ ဗိုလ်မှူးစောအောင်ကျော်က “ ကျနော်တို့အနေနဲ့ ကျနော်တို့ထိန်းသိမ်းရာ နေရာဒေသ၊ တပ်ရင်း ဌာနတွေရှိရာနေရာတွေမှာ အခုလိုမိုင်းရှင်း လင်းရေးအဖွဲ့တွေ လာရင် လိုအပ်တဲ့ဖက်ကနေ ကူညီနိုင်အောင် ဆက်သွယ်ရမယ့် အထက်အရာရှိဖုန်းတွေ၊ ဆက်ဆံရေး ရုံးဖုန်း တွေကိုပေးထားသလို အားလုံးကိုလည်း ကြိုဆိုပါတယ်” ဟု ပြောသည်။
မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး ပညာပေးလုပ်ငန်းများကို ပြည်နယ်အစိုးရအနေဖြင့် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မိုင်းရှင်းလင်းရေး ပံ့ပိုးလုပ်ဆောင်နေသည့် မိတ်ဖက် အဖွဲ့အစည်းများ၊ INGO နှင့် NGO များ၊ ပညာရှင်များပူးပေါင်းကာ၂၀၁၆ ခုနှစ်မှ စတင်ကာ မိုင်းအသိပညာပေးရေး လုပ်ငန်း များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးမီ ယခင်က ပြည်နယ် အတွင်းရှိ ကရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်မြန်မာ့တပ်မတော်တို့အကြား စစ်ရေးအရ တစ် ဖက်နှင့်တစ်ဖက် ဟန့်တားနှောက်ယှက် နိုင်ရေးအတွက် နှစ်ဖက် တပ်ဖွဲ့များအနေဖြင့် မြေမြှုပ်မိုင်း သုံးစွဲမှုများ ရှိခဲ့သည်ဟု ဒေသတွင်း သတင်းထွက်ပေါ်ခဲ့ဘူးသည်။
NCA ထိုးပြီး ၂၀၁၆ ဩဂုတ်လမှစတင်ကာ ခွဲထွက် ဒီကေဘီအေနှင့် တပ်မတော်တို့ မဲသဝေါဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး မဲသဝေါဒေသခံ ၅ ထောင်ကျော်မြိုင်ကြီးငူသို့ စစ်ဘေး ရှောင်ခဲ့ရသလို ယနေ့ အထိ အဆိုပါဒေသတွင် မိုင်းအန္တာရယ်စိုးရိမ်နေရဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ် မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL)၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးတွင် မြေမြှုပ်မိုင်းအန္တရာယ် များသောဒေသများ အဖြစ်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



















