နန်းဝေဖြိုးဇာ
(မတ် ၂ရက်၊၂၁၀၈ခုနှစ်)
ကရင်လူမျိုးအများစုဟာ ကိုယ့်ရိုးရာဝတ်စုံကို ဝတ်ဆင်ရတာ တော်တော်များများက သဘောကျပါတယ်။ တိုးတက်လာတာနဲ့အ မျှ ကရင်ဝတ်စုံကို ဝတ်ဆင်သူ များလာပြီး ခရီးသွားဧည့်သည်တွေကလည်း ကရင်ရိုးရာဝတ်စုံကို ဝယ်ယူအားပေးတာတွေ များ လာနေပြီဆိုတာ နေရာတိုင်းမှာ မြင်တွေ့ရပါတယ်။
အရင်တုန်းကဆိုရင် ကိုယ်တိုင်မရက်လုပ်တတ်တဲ့ဒေသတွေမှာ ကရင်ရိုးရာဝတ်စုံကို အယောက်တိုင်းလိုလို ဝယ်မဝတ်နိုင်တဲ့အ ထိလည်း ရှိခဲ့ပါတယ်။ တချို့လူတွေကတော့ တစ်ယောက်ကို တစ်စုံလောက်သာရှိပြီး အဲဒီတစ်စုံကို တစ်ယောက်ပြီးတစ် ယောက် ငှားရမ်းဝတ်ဆင်ရပါတယ်။ (စစ်ရေး၊ နိုင်ငံရေးအရ)ခေတ်မကောင်းတဲ့အချိန်တုန်းက ဆိုရင်လည်း အချို့ဒေသတွေမှာ ကိုယ့်ရိုးရာဝတ်စုံကို ပေါ်ပေါ်ထင်ထင် မဝတ်ရဲတာတွေလည်း ရှိပါတယ်။ အချို့ကတော့ ကရင်လူမျိုးနဲ့ သက်ဆိုင်တဲ့ပွဲရှိမှ ကရင် သင်တိုင်းဝတ်စုံကို ထုတ်ပြီး ဝတ်ဆင်နေရပြန်ပါတယ်။
ပွင့်လင်းမြင်သာမှုရှိလာတဲ့ ယခုခေတ်ကာလမှာတော့ ကရင်ရိုးရာဝတ်စုံကို ပေါ်ပေါ်ထင်ထင် ဝတ်ဆင်လာတာမကဘဲ ခရီးသွား ၍ဖြစ်စေ၊ ပွဲလမ်းသဘင်သွားသည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ ကိုယ့်ဝတ်စုံကို တဖြည်းဖြည်းနဲ့ ဝတ်ဆင်လာနေကြပါတယ်။ ဒါတွေမကဘဲ ကရင်လူမျိုးမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေတောင်မှ ကိုယ့်ရိုးရာဝတ်စုံကို အမှတ်တရအဖြစ် ဝယ်ယူဝတ်ဆင် လာကြပါတယ်။
အများအားဖြင့် ဒီလိုကရင်ရိုးရာအထည်များဟာ ကရင်ပြည်နယ်ကနေတဆင့် ဝယ်ယူပြီးပြန်ရောင်းကြတဲ့အတွက် ကရင်လူမျိုး တွေ ရက်လုပ်ပြီး ထုတ်လုပ်ရောင်းချတဲ့ အဝတ်အထည်လို့ပဲ ခန့်မှန်းနေကြမှာပါ။
တကယ်တော့ လူတိုင်းဝယ်ယူနိုင်တဲ့ ရိုးရာအထည်တော်တော်များများဟာ ကရင်ပြည်နယ်မှာ ထွက်ရှိသလို မွန်ပြည်နယ်မှာ လည်း ထွက်ရှိပါတယ်။ ဒါပေမယ့် အဲဒီရိုးရာအထည် ထုတ်လုပ်တဲ့ ပိုင်ရှင်တော်တော်များများက ကရင်လူမျိုးတွေ မဟုတ်ကြပါ ဘူး။ ကရင်ရိုးရာအထည်ဆိုင် တော်တော်များများမှာ တင်ရောင်းနေတဲ့ ကရင်အထည်တွေကတော့ ကရင်ပြည်နယ်က ပအိုဝ်း တိုင်းရင်းသားတွေ ရက်လုပ်တဲ့အထည်တွေရှိသလို မွန်ပြည်နယ်ကထုတ်တဲ့ ကရင်ရိုးရာဝတ်စုံတော်တော်များများကလည်း မွန် လူမျိုးတွေ ရက်လုပ်နေတဲ့ အထည်တွေ ဖြစ်ပါတယ်။
မြို့အနီးတဝိုက်ရွာတွေနဲ့ မြို့ပေါ်နေ ကရင်လူမျိုးတွေအနေနဲ့ကတော့ ကရင်ရိုးရာဝတ်စုံကို ရက်လုပ်၊ ထုတ်လုပ်တာ အတော် နည်းပါတယ်။ တချို့နေရာတွေမှာ ကိုယ်တိုင်ရက်တတ်ပေမယ့်လည်း စီးပွားဖြစ် ရက်လုပ်တာ နည်းပါတယ်။ ကရင်ပြည်နယ်မှာ ကရင်ရိုးရာဝတ်စုံ အထွက်များဆုံးဒေသကတော့ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ အိန္ဒုတိုက်နယ် ပအိုဝ်းစုရွာမှာ အများဆုံး ထုတ် လုပ်ပါတယ်။
အဲဒီရွာကတော့ ဖားအံမြို့အရှေ့ဘက်ခြမ်းမှာတည်ရှိပြီး ဖားအံမြို့ကနေပြီး ကားစီးရင် နာရီဝက် အချိန်ကြာမြင့်ပါတယ်။ အဲဒီ ကျေးရွာမှာ အိမ်ခြေ ၅၀၀ကျော်ရှိပြီး တစ်ရွာလုံးက ရက်ကန်းလုပ်ငန်းကို အများဆုံး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ရွာထဲမှာဝင် လိုက်ရင် အိမ်တိုင်းလိုလိုမှာတော့ ရက်ကန်းစင်ရှိတာကို မြင်တွေ့ရပြီး ခြေတံရှည်တဲ့အိမ်တွေကတော့ အိမ်အောက်မှာ ရက်ကန်း ရုံထားတာရှိသလို ခြေတံတိုတဲ့ အိမ်တွေကျတော့ အိမ်ဘေးနားမှာဖြစ်ဖြစ်၊ အိမ်အနောက်မှာဖြစ်ဖြစ် ရက်ကန်းရုံထောင်ပါတယ်။
အဲဒီရွာနဲ့ နီးစပ်တဲ့ ရွာပတ်လည်မှာတော့ ကရင်ကျေးရွာများစွာရှိနေပေမယ့်လည်း ရက်ကန်းရုံ ထောင်ထားတာ မရှိပါဘူး၊
ပြီးတော့ ကိုယ့်ကရင်ရိုးရာအထည်ကို ရက်တတ်တာ မရှိသလောက်နည်းပါတယ်။ ဒါပေမယ့် အဲဒီမှာ နေထိုင်တဲ့ ပအိုဝ်းလူမျိုး တွေကတော့ ကရင်ရိုးရာအထည်ကို တစ်နှစ်ထက်တစ်နှစ် မရိုးအောင် အမြဲတမ်း ဆန်းသစ်တီထွင် ရက်လုပ်နေတာ တွေ့မြင်ရ ပြန်ပါတယ်။
တစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေထိုင်တဲ့ ကရင်လူမျိုးတွေ အမြတ်တနိုး ဝယ်ယူဝတ်ဆင်နေတဲ့ ကရင်ရိုးရာအထည် အတော်များများဟာ အဲဒီရွာလေးကနေ ထွက်ရှိတာလို့လည်း သိရပါတယ်။ အဲဒီအပြင် ဆန်းသစ်တီထွင်မှုရှိအောင် ဒီဇိုင်းပုံဖော်ရာမှာတော့ သူတို့ ကိုယ်တိုင်သာမကဘဲ တတ်ကျွမ်းတဲ့ပညာရှင်ငှားပြီး ဒီဇိုင်းဆွဲပေးတာရှိတယ်လို့လည်း သိရပါတယ်။
“ကရင်အထည်ကတော့ ပအိုဝ်းအထည်ထက် ရောင်းအားကောင်းတယ်။ ပအိုဝ်းအထည်က ၁ထည်ဆိုရင် အကြာကြီးဝတ်ရ တယ်။ အသစ်အဆန်း သိပ်မရှိဘူး”လို့ ယက်ကန်းပိုင်ရှင် ခွန်ကျော်သိန်းက ပြောပါတယ်။
သူတို့ရွာမှာတော့ တစ်ရွာလုံး ရက်ကန်းအလုပ်ကို စီးပွားဖြစ် ပြန်ပြီးတော့ ဦးစားပေးလုပ်ကိုင်လာတဲ့အတွက် ယခင်သူတို့လုပ်ခဲ့ တဲ့ လယ်တွေကိုတောင် မလုပ်နိုင်တော့ဘဲ အခြားကျေးရွာက လယ်လုပ်နေတဲ့ ကရင်လူမျိုးတွေဆီမှာ သူတို့လယ်ကို သီးစား စနစ်နဲ့ ငှားရမ်းထားတယ်လို့လည်း သိရပြန်ပါတယ်။
အဲဒီရွာမှာ အခုနောက်ပိုင်း ရက်ကန်းရုံလည်း များလာသလို အဲဒီရွာမှာနေထိုင်တဲ့ လူကြီး၊ လူငယ်၊ ကလေးအားလုံးကလည်း အားလပ်တဲ့အချိန်တွေမှာ ယက်ကန်းရုံအတွက် လိုအပ်တဲ့ ချည်လုံး၊ ချည်ကျစ် စတဲ့အလုပ်ပုံမှန်ရှိလို့ အားလုံးကိုယ်စီ ဝင်ငွေရှိ တယ်လို့လည်း ခွန်ကျော်သိန်းက ဆိုပါတယ်။
ကရင်ရိုးရာအထည်ကို ရောင်းအားကောင်းလာတာနဲ့အမျှ ပအိုဝ်းစုရွာမှာရှိတဲ့ ရက်ကန်းရုံတွေဟာလည်း တဖြည်းဖြည်း တိုးလာ နေတဲ့အပြင် ရက်ကန်းရုံလည်ပတ်နိုင်ဖို့အတွက် တခြားနေရာဒေသတွေဆီက ရက်ကန်းရက်လုပ်တတ်သူတွေကို လက်ခစားအ နေနဲ့ခေါ်ယူပြီး လုပ်ကိုင်နေရတယ်လို့လည်း သိရပါတယ်။
အဲဒီရက်ကန်းရုံတွေမှာတော့ ပဲခူးတိုင်းဒေသအတွင်းကလူတွေ အများဆုံး လာရောက်လုပ်ကိုင်ပြီး ရက်ကန်းပိုင်ရှင်က နေစရာ၊ ရေ၊ မီး၊ စီစဉ်ပေးပါတယ်။ အလုပ်လာလုပ်တဲ့လူတွေကတော့ ယက်ကန်း အတတ်ပညာ ကျွမ်းကျင်မှုနဲ့ လျင်မြန်မှုအပေါ် မူတည် ပြီး တစ်ယောက်ကို တစ်နေ့ ကျပ် ၁သောင်းကနေ ၂သောင်းနီးပါးအထိ ဝင်ငွေရရှိတယ်လို့ ယက်ကန်းရုံမှာ လုပ်လာလုပ်တဲ့သူ တွေက ပြောပါတယ်။
“ကျမက နို့တိုက်ကလေးတစ်ဖက်နဲ့ ယက်ကန်းလာရက်တယ်။ ကလေးငယ်သေးတော့ ကလေးအရမ်းငိုတဲ့ရက် နေမကောင်းတဲ့ ရက်တွေဆိုရင် ၁ရက်မှာ ၆ထောင် ၇ထောင်လောက်ပဲ ရတယ်။ ကလေးက မငိုဘဲ လိမ္မာတဲ့ရက်တွေဆိုရင်တော့ တစ်ရက် ၁သောင်း၊ ၁သောင်းကျော်လောက် ရတယ်၊ ကျမတို့အတွက် အဆင်ပြေတယ်။ ကိုယ့်နိုင်ငံမှာလည်း လုပ်ရတယ်။ ပြီးတော့ အလုပ်က အေးဆေးပဲ နားချင်တဲ့အချိန်နားတယ်။ ကန့်သတ်တာလည်း မရှိဘူး။ ကလေးတစ်ဖက်နဲ့လည်း အလုပ်လုပ်လို့ ရတယ်”လို့ ပဲခူးတိုင်းကနေ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ မအေးသက်က ပြောပါတယ်။
အဲဒီမှာ လုပ်ကိုင်တဲ့အချို့အလုပ်သမားတွေကတော့ မိသားစုအလိုက် လာရောက်အလုပ်လုပ်ပြီး ကျောင်းနေအရွယ် သူတို့ ကလေးတွေကလည်း အဲဒီရွာမှာ အေးဆေးစွာ သူတို့ ကျောင်းပေးတက်နိုင်ပါတယ်။
ပြောရမယ်ဆိုရင်တော့ ကရင်အကျင်္ီထုတ်လုပ်တာက ပအိုဝ်းတိုင်းရင်းသားများဖြစ်ပြီး အကျင်္ီရက် လုပ်ပေးတာတော့ ပဲခူးတိုင်း ဒေသကြီးထဲက ရက်ကန်းရက်လုပ်တာ ကျွမ်းကျင်တဲ့ ဗမာတိုင်းရင်းသားအများစုပဲ ဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်အများစုကတော့ ကရင်ပြည်နယ်နဲ့ ထိစပ်တဲ့ တစ်ဖက်ထိုင်းနိုင်ငံကို ရွှေ့ပြောင်းပြီး အလုပ်သွားလုပ်နေကြဆဲဖြစ်ပေမယ့် ထိုင်းနိုင်ငံကို သွားအလုပ်လုပ်ခဲ့ဖူးကြတဲ့ အဆိုပါပအိုဝ်းစုရွာသားအချို့ကတော့ လက်ရှိအ ချိန်မှာ ရွာပြန်လာပြီး ယက်ကန်းအလုပ်ကိုသာ လုပ်ကိုင်လာတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ထို့အတူပဲ ကရင်ရိုးရာအထည် ရက်လုပ်တဲ့လုပ်ငန်းဟာ အရှုံးပေါ်မှာ ပူစရာမလိုတဲ့ အလုပ်တစ်ခုဖြစ်သလိုပဲ ကိုယ့်နိုင်ငံအတွင်း မိသားစုနဲ့ အိုးအိမ်မကွာ အေးဆေးစွာ လုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခုဖြစ်တယ်လို့ ရက်ကန်းလုပ်ကိုင်နေတဲ့ ခွန်မျိုးဇော်ကလည်း ပြောပါတယ်။
သူက “ကျနော်တို့ကလည်း အရင်တုန်းက ထိုင်းမှာ အလုပ်သွားလုပ်ဖူးတယ်။ ပိုက်ဆံတော့ရတယ်။ ဒါပေမယ့် ပြည်တွင်းမှာပြန် လာရင် အလုပ်လက်မဲ့ ဖြစ်လာတယ်။ နောက်ဆုံးတော့ ရွာပြန်လာပြီး ဒီယက်ကန်းအလုပ်ကို ပြန်လာလုပ်တယ်။ ကိုယ်လုပ်ရင် လုပ်နိုင်သလို ရတယ်။ ဒီအလုပ်ကိုလုပ်ပြီဆိုရင် မရှှုံးဘူး။ အနည်းဆုံး အရင်းတော့ ပြန်ရတယ်။ တစ်ဖက်နိုင်ငံမှာ သွားလုပ်တဲ့လူ နဲ့ တွက်လိုက်ရင် ဝင်ငွေက အတူတူလောက်ပဲ”လို့ ပြောပါတယ်။
အဲဒီပအိုဝ်းစုရွာမှာဆိုရင် ယခုအချိန်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေကလည်း တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်လေ့ လာတာ များလာသလို အဲဒီက ဒေသခံတွေကတော့ ယက်ကန်းလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ရင်းနှီးငွေမရှိတဲ့သူတွေကိုလည်း ကရင်ပြည်နယ် အစိုးရကနေပြီးတော့ အတိုးနည်းတဲ့ ငွေထုတ်ချေးမှုတွေလည်း လုပ်ဆောင်ပေးတယ်လို့ ခွန်မျိုးဇော်က ဆိုပါ တယ်။
အထည်ရက်ဖို့ ယက်ကန်းစင်တစ်စင်ဟာ လက်ရှိပေါက်ဈေး ကျပ် ၂သိန်းကျော်ကနေ ၃သိန်းကျော်အထိရှိပြီး ရက်ကန်းတစ်စင် ကို အကျင်္ီအရွယ်အစားကြီးရင် အထည်ပေါင်း ၁၀၀ကျော်ရပြီး အရွယ်အစားသေးရင်တော့ အထည် ၂၀၀ကျော်ကနေ ၃၀ဝအထိ ယက်လုပ်လို့ရတယ်လို့ ရက်ကန်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကရင်လူမျိုးဖြစ်ပြီး ယက်ကန်းယက်တဲ့ ရွာနဲ့နီးစပ်ပေမယ့်လည်း ဘာကြောင့် ကရင်အထည်ယက်တဲ့ လုပ်ငန်းကို မလုပ်ကိုင်တာ လဲ မေးတော့ “နည်းပညာမတတ်ဘူး။ အရင်းအနှီးမရှိဘူး။ အခြားအလုပ်ကို လုပ်ကိုင်တယ်။ တစ်ဖက်နိုင်ငံ အလုပ်သွားလုပ်ရင် ဝင်ငွေပိုရတယ်”ဆိုတဲ့ အဲဒီစကားတွေနဲ့ပဲ ပြန်ဖြေကြပါတယ်။
လက်ရှိအချိန်မှာ ကရင်လူငယ်အမျိုးသမီး တစ်ယောက်စ နှစ်ယောက်စ အဲဒီယက်ကန်းရုံတွေမှာ လာရောက်လုပ်ကိုင်တာတော့ အနည်းငယ်ရှိနေပါပြီး။ အခြားပြည်မက အလုပ်သမားထက်စာရင်တော့ ၁ဝပုံလျင် ၁ပုံလောက်သာ ရှိနေပါအုံးမယ်။
ပအိုဝ်းစုရွာနားမှာ နေထိုင်တဲ့ ဂါမြကတော့ “ဒီအိန္ဒုနားက အခြားရွာတွေက ယက်ကန်းမလုပ်ဘူး။ လူငယ်တွေကတော့ ထိုင်းမှာ သွားတယ်။ ရွာမှာနေထိုင်တဲ့လူတွေကတော့ လယ်လုပ်တယ်။ အခုဆိုရင် လယ်ထဲမဆင်းနိုင်တော့တဲ့ လူတွေကတော့ ယက် ကန်းလုပ်တဲ့ရွာက သူတို့ရက်တဲ့အထည်တွေကို ဘေးနားကွပ်ဖို့ လာပို့တဲ့ချည်တွေကို ကျစ်ပေးတယ်။ ၄ချောင်းကျစ်ရင် လက်ခ ၁၀ဝကျပ်ရတယ်။ အိမ်မှာနေရင်း လုပ်နိုင်ရင် တစ်ရက် အနည်းဆုံး၂ထောင်လောက်ဝင်ငွေရတာပေါ့”လို့ ပြောပါတယ်။
ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကရင်ရိုးရာဝတ်စုံကို ဒီဇိုင်းမျိုးစုံ ဖန်တီးတီထွင်လာသလို သုံးထားတဲ့ ချည်အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းလည်း မတူညီပါဘူး။ ဒီတော့ ရိုးရာဝတ်စုံတွေကလည်း အရည်အသွေးနဲ့ ဒီဇိုင်းအပေါ် မူတည်ပြီး တန်ဘိုးက ကျပ်ထောင်ဂဏန်းကနေ သိန်းဂဏန်းအထိ ဈေးနှုန်းအမျိုးမျိုး ရှိလာနေပါတယ်။
ရိုးရာဝတ်စုံကတော့ ပိတ်စကိုဝယ်ပြီးချုပ်ရတဲ့ အကျင်္ီမဟုတ်ဘဲ ချည်တစ်ချောင်းပြီးတစ်ချောင်းကို လက်နဲ့ရက်ရတာ ဖြစ်တဲ့အ တွက်ကြောင့် အကျင်္ီတစ်ထည်ဖြစ်လာဖို့ အချိန်ယူရပါတယ်။ ယခုအချိန်ဆိုရင် လက်ရက်ကန်းနဲ့မကဘဲ စက်ရက်ကန်းနဲ့ ရက် လုပ်လာတာတွေလည်း ရှိလာပါတယ်။
ကရင်တိုင်းရင်းသားတွေဟာ မိဘ၊ဘိုးဘွားစဉ်ဆက်ကတည်းက ကရင်အကျင်္ီကို ကိုယ်တိုင်ရက်လုပ်ခဲ့ပြီး ဝတ်ဆင်ကြတာ ဖြစ်ပါ တယ်။ ဝါပင်ကနေ ထွက်လာတဲ့ ဝါဂွမ်းအစစ်နဲ့ ချည်ဖြစ်လာအောင် တစ်ဆင့်ပြီးတစ်ဆင့် ရစ်ငင်လုပ်ခဲ့ရပြီး သဘာဝသစ်မြစ်၊ သစ်သီး၊ သစ်ရွက်နဲ့သာ အရောင်မျိုးစုံဖြစ်လာအောင် သဘာဝနည်းနဲ့ အရောင်အဆင်း ဖန်တီးရပါတယ်။ ချည်ချောဖြစ်လာရင် တော့ အကျင်္ီ၊ လုံချည်ဖြစ်စေ၊ စောင်တွေပဲဖြစ်ဖြစ် ရက်လုပ် ဝတ်ဆင် အသုံးပြုကြပါတယ်။
ဝါဂွမ်းချည်အစစ်နဲ့ ရက်ထားတဲ့ ဂျပ်ခုပ်အထည်တွေကတော့ အသားအေးပြီး ဝတ်ဆင်ရတာ အဆင်ပြေသလို အထည်တစ်ထည် ဖြစ်လာဖို့ကလည်း လက်ဝင်ပြီး အချိန်ယူ ရက်လုပ်နေရတဲ့အတွက်ကြောင့် ရိုးရိုးချည်နဲ့ ဆိုင်မှာ အလွယ်တကူဝယ်ပြီး ရက်ကန်း နဲ့ ရက်ထားတဲ့အထည်နဲ့တော့ ယှဉ်လိုက်ရင် ဈေးနှုန်းလည်း ကွာပါသေးတယ်။
ပြည်တွင်းမှာဆိုရင် ရိုးရိုးချည်ထည်နဲ့ ရက်ကန်းရက်ထားတဲ့ ကရင်ဝတ်စုံကိုသာ ဝယ်ယူရောင်းချတာ ပိုပြီးများပါတယ်။ အကြောင်းကတော့ ဝင်ငွေအခြေအနေပေါ် မူတည်ပြီး ချည်သားစစ်စစ် ဂျပ်ခုပ်အထည်ထက် ရိုးရိုးချည်နဲ့ ယက်ကန်းရက်ထားတဲ့ အထည်တွေကို ပိုပြီး ဝယ်ယူကြတာဖြစ်တယ်လို့လည်း ရက်ကန်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပအိုဝ်းစုုရွာမှာ ယက်ကန်းလုပ်ငန်းလုပ်ကိုင်တဲ့ ပအိုဝ်းတိုင်းရင်းသား တော်တော်များများကတော့ သူတို့ အသက်မွေးဝမ်းပြုတဲ့ ကရင့်ရိုးရာ အထည်ယက်ကန်းလုပ်ငန်းကို မပျောက်ပျက်အောင်တော့ ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ပြောဆိုကြသ လိုပဲ သူတို့ရဲ့ မျိုးဆက်လေးတွေကိုလည်း ဒီလုပ်ငန်းတွေကို လုပ်ကိုင်တတ်ဖို့ပါ လက်ဆင့်ကမ်း သင်ပေးထားပါတယ်။
ကရင်ပြည်နယ်ထဲက ကရင်တိုင်းရင်းသားအများစုကတော့ ကရင်ရိုးရာအထည်ကို ကိုယ်တိုင် ရက်လုပ်တတ်သူ ကရင်လူငယ် တော်တော်များများကတော့ ရှားပါးလာသလို မြို့နဲ့ဝေးတဲ့ ကျေးလက်တောရွာ၊ တောင်ပေါ်ဒေသနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်သူ ကရင်လူမျိုးဒေသခံတွေလောက်ကပဲ ဒီရက်ကန်း၊ ဂျပ်ခုတ် ရက်လုပ်တဲ့ နည်းပညာကို တတ်ကျွမ်းမှုရှိရှိနဲ့ အဲဒီရက်ကန်းရက်တဲ့ အတတ်ပညာတွေက တတ်ကျွမ်းသူ နည်းပါးလာနေပါပြီ။
အဲဒီအတွက် မိမိတို့ကရင်တိုင်းရင်းသားတွေအနေနဲ့ မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီး ရိုးရာလည်းမပျက်၊ ခေတ်စနစ်ကိုလည်း ထင် ဟပ်စေတဲ့ ဆန်းသစ်မှုများနဲ့ ကိုယ့်ရိုးရာအဝတ်အထည် ရက်လုပ်ခြင်းကို လက်မှုအတတ်ပညာတစ်ခုအနေနဲ့သာမက၊ ဒေသန္တရ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ပါ လုပ်ကိုင်လာနိုင်လာစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။