မတ်လ ၄ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျန်းမာရေးပြုစုစောင့်ရှောက်မှု လက်လှမ်းမမီသည့် နိုခွီးကျေးရွာအတွက် နယ်လှည့်ကျော ပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)မှ ယမန်နေ့ (မတ်လ ၃ရက်)နေ့က ကျေးလက်ဆေးခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ နိုခွီးကျေးရွာသည် သွားလာရေးအခက်အခဲများကြောင့် အစိုးရနှင့် ဒေသအာဏာပိုင်များ၏ ကျန်းမာရေးပြုစုစောင့် ရှောက်မှု တစုံတရာမရရှိကြဘဲ ကျန်းမာရေးပြဿနာ တစုံတရာရှိလာခဲ့လျှင် သွားရောက်ကုသရန် အနီးဆုံးဆေးပေးခန်းများ မရှိခြင်းကြောင့် ယခုဆေးခန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း BPHWT ၏ ဒု-ညွှန်ကြားရေးမှူး နန်းစနိုးက ယခုလို ပြောသည်။
၎င်းက “ဒီမှာက အနီးစပ်ဆုံး တခြားဆေးခန်းတွေမရှိဘူး။ နောက်ပြီး ကျန်းမာရေးလုပ်သားတွေလည်း မရှိကြဘူး။ BPHWT ပဲ ရှိတယ်။ ကျမတို့ နယ်လှည့်ကျန်းမာရေးလုပ်သားတွေအတွက်လည်း အခက်အခဲများစွာတွေ့ရတယ်။ လူနာကို အလွှဲအပြောင်း လုပ်ရတာလည်း အဝေးကြီးပဲ။ ဒေသခံတွေ ဆေးကုသဖို့က အနီးဆုံး ဆေးခန်းမရှိတော့ ဆေးခန်းတွေ သွားမပြကြတော့ဘူး။ ကိုယ့်ကိုယ်ကိုပဲ အဆင်ပြေသလို ပြန်ကြည့်ပြီး အရမ်းဆိုးဝါးမှ ဆေးခန်းတွေကို ကြိုးစားသွားကြရတယ်”ဟု ကေအိုင်စီသို့ ပြော သည်။
အဆိုပါဆေးခန်းသည် ကုသမှုတစ်ခုတည်းအတွက်သာမဟုတ်ဘဲ ကျန်းမာရေးလုပ်သားများအနေဖြင့် ဒေသအတွင်းသို့ လှည့် လည်၍ ကျန်းမာရေး ကြိုတင်ကာကွယ်မှုများ၊ ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းများနှင့် ရေရှည်အတွက် ကျန်းမာရေးလုပ် သားသစ်များကိုပါ မွေးထုတ်ပေးနိုင်ရန် စီစဉ်လုပ်ဆောင်သွားမည်ဟု နန်းစနိုးက ဆက်ပြောသည်။
ယခုဖွင့်လှစ်လိုက်သော ဆေးခန်းအတွက် လိုအပ်သည့် ဆောက်လုပ်ရေး ကုန်ကျစရိတ်များကို Burma Humanitarian Mission မှ ကူညီထောက်ပံ့ပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများကို BPHWT မှ တာဝန်ယူဆောင်ရွက်ပေးသွား မည် ဖြစ်သည်။
နိုခွီးဒေသခံ နော်မူးစေအေးက “ဒီလိုဆေးခန်းလေးရှိလာတော့ ကျမတို့ဒေသကလူတွေ တအားဝမ်းသာကြတယ်။ ဘာဖြစ်လဲဆို တော့ အရင်က ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်လာပြီးဆိုရင် လှေတစ်ဆင့်၊ ကားတစ်ဆင့်နဲ့သွားရတယ်။ တစ်ခါတစ်လေ လှေရှာ မရ ကားရှာမရနဲ့က လူနာက လမ်းမှာတင် သေသွားတာမျိုး ကြုံတွေ့ရတယ်။ ဒီဆေးခန်းလေးရှိလာတော့ ကျမတို့ တောင်ခြေရွာ ကလေးအတွက် အများကြီးကို အထောက်အကူဖြစ်လာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆေးခန်းဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူ များ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ်တာဝန်ရှိသူများ၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာ ရေးလုပ်သားအဖွဲ့ (BPHWT)တာဝန်ရှိသူများနှင့် ဒေသခံများ အပါအဝင် စုစုပေါင်း ၂၀၀ကျော် တက်ရောက်ခဲ့ကြသည်။
(BPHWT)အဖွဲ့ကို စစ်မက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများတွင် မရှိမဖြစ်သော ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုပေးနိုင်ရန် ၁၉၉၈ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် တိုင်းရင်းသားလူမျိုးများဖြစ်သည့် ကရင်၊ သျှမ်း(ရှမ်း)၊ ကချင်၊ ရခိုင်၊ ချင်းနှင့် အခြားအဖွဲ့ဝင် ၁၁၃ဖွဲ့ရှိသည်။
ယခု ဖွင့်လှစ်လိုက်သော ဆေးခန်းသည် BPHWT ၏ ကျန်းမာရေးဝန်ဆောင်မှု နှစ်ပေါင်း ၂ဝအတွင်း ပထမဆုံး ဖွင့်လှစ်နိုင်သည့် ဆေးပေးခန်းဖြစ်သည်။