ဖေဖေါ်ဝါရီ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကရင်လူမျိုးများ အများစု နေထိုင်ရာ နေရာတစ်နေရာဖြစ်သည့် တောင် သူကုန်းရပ်ကွက်ရှိ ယိုးဒယားဈေးကို လောလောဆယ် ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိသေးကြောင်း ဖေဖေါ်ဝါ ရီ ၂ဝ ရက်နေ့တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ နေပြည်တော်ကောင်စီဝင် ဦးအောင် မြင့်ထွန်းက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ဝမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နော်စူစန်နာလှလှစိုးက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်အတွင်းရှိ ယိုးဒယားဈေးကို သင့်တော် သည့် နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိမရှိ အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့မှုအပေါ် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား နေပြည်တောင်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ယခုလို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ ယိုးဒယားဈေးရဲ့ အနီးဆုံးနေရာက ပေ ၂,၅၀ဝ ခန့်ကွာဝေတဲ့ ဘိုကုန်းဈေးဖြစ်ပါတယ်။ ဈေးများဌာနရဲ့ အဆင့် သတ်မှတ် ချက် အဆင့် ‘ဂ’ ဖြစ်ပါတယ်။ ဈေးဧရိယာ အတွင်းမှာ ၂၇-၅၅ ပေကျယ်ဝန်းတဲ့ ပျံကျဈေး ရောင်းချနိုင်မဲ့ လစ်လပ်နေရာလေးတော့ ရှိနေပါတယ်။ အဲ့နေရာလေးမှာ ယိုးဒယားဈေးက ပျံကျဈေးသည်များ နေရာချပေးရန် လုံလောက်မှုမရှိသေးတဲ့အတွက် ယိုးဒယားဈေးဟာ ပြောင်းရွှေ့နေရာချထားပေးရန် လောလော ဆယ် အစီအစဉ်မရှိသေးပါဘူးလို့ ဖြေကြားပါတယ်” ဟု ပြောသည်။
အဆိုပါဈေးမှာ တောင်သူကုန်းရပ်ကွက်အတွင်း လမ်းဘေးဈေး ဖြစ်ပြီး နံနက်လေးနာရီခန့်မှစ၍ ဈေးခင်းရာ တွင်နေရာလု ရန်ဖြစ်မှုများရှိနေသည်။ ထို့အပြင် ဈေးမှ ထွက်ရှိသည့် အညစ်အကြေးများကြောင့် ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေး ထိခိုက်မှုရှိကာ သာရေး၊ နာရေးနှင့် မီးဘေး အန္တရာယ်များအတွက် ကားဝင်ထွက်သွား လာမရသည့် အခြေအနေများဖြစ်ပေါ်နေသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က သူ့၏ မေးခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ယိုးဒယားဈေးတွင် နံနက်ပိုင်းတွင် ဈေးရောင်းဝယ်သူများဖြင့် လမ်းပိတ်သော်လည်း နေ့လည်ပိုင်းမှစ၍ လမ်းရှင်း သွားကြောင်း၊ ဈေးပြောင်းရွှေ့မည်ဆိုက ပျံကျဈေးသည်များကိုသာ ရွှေ့၍ ရမည်ဖြစ်ပြီး လမ်းဘေးအိမ်ဆိုင်များ ရှိနေဦးမည်ဖြစ်ကာ လုံးလုံးရွှေ့ရန် ခက်ခဲမည်ဟု ထင်မြင်ကြောင်း တောင်သူကုန်းရပ်ကွက်တွင်း မွေးဖွား ကြီးပြင်းလာသူ စောကပေါ်စေးက ပြောသည်။
တောင်သူကုန်း မြိုင်သာယာလမ်းတွင်နေထိုင်သူ စောအဲလက်မှူးက “ အမှန်ကတော့ ဒီဈေးက ပြောင်းသင့်ပြီး။ မနက် ၇ နာရီလောက်ဆို လူတိုးလို့တောင်မရဘူး ကားသွားဖို့မပြောနဲ့၊ ဈေးဝယ်စားရအဆင်ပြေတာ တခုထဲ အဆင်ပြေ တာမကြည့်ရင်ပေါ့၊ ဒီလိုမှမဟုတ်ရင် စနစ် တကျဖြစ်သင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ယိုးဒယားဈေးသည် ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် တောင်သူကုန်း ရပ်ကွက် သမဝါယမဆိုင်ဖွင့်လှစ်ခဲ့စဉ် ဆိုင်သို့ ဆီ၊ ဆန်၊ ဆပ်ပြာ အစရှိသည်များဝယ်ယူရန် ရပ်ကွက်နေပြည်သူများ လာ တန်းစီရာမှစ၍ ဈေးတန်းစတင်ရောင်းချလာခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်း မွေးဖွားကြီးပြင်းလာသည့် ကရင် တိုင်းရင်းသားများက ကေအိုင်စီသို့ ပြောသည်။
ထို့နောက် မိုးရာသီတွင် ရပ်ကွက်အတွင်း ချောင်းရေကြီးသည့်အခါ ရေကူးသွားလာဈေးဝယ်ရသည့်အတွက် ထိုစဉ်က ဘန်ကောက်ရှိ ရေပေါ်ဈေးကဲ့သို့ ဖြစ်နေသည်ကို အစွဲပြုပြီး ယိုးဒယားဈေးဟု ခေါ်ဆိုလာခြင်းဖြစ်သည် ဟု ရပ်ကွက် မွေးဖွားကြီးပြင်းခဲ့သူများက ပြောသည်။
တောင်သူကုန်း ရပ်ကွက်အတွင်းနေထိုင်သူ နော်ဝါးဆဲက“အခုက သာရေး၊ နာရေး ကားသွားလို့ ခက်ခဲတာ အမှန်ဘဲ၊ တဖက်ကလည်း ဒီဈေးက ရပ်ကွက်တွင်းဈေးဆိုပေမဲ့ နှစ်ကာလတွေကြာခဲ့တော့ ဈေးကိုလုံးလုံး ပြောင်းမှာဆိုတာထက် စနတ်တကျလေးလုပ်သင့်တယ်”ဟု ပြောသည်။
အဆိုပါ ဈေးတွင် ၁၉၉ဝ ပြည့်လွန်နှစ်များတွင် ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီ၊ တိုက်ကြီး အစရှိသည့် ပဲခူးရိုးမ ခြေဆင်း ပိုင်းတွင်နေထိုင်သည့် ကရင်လူမျိုးများက တောထွက် ဟင်းသီးဟင်းရွက်များကို ယိုးဒယားဈေးတွင် လာရောက် ရောင်းချပြီး ကရင်လူမျိုးများကြိုက်နှစ်သက်သည့် ဟင်းသီးဟင်းရွက်များ အစရှိသည့် ကုန်များ ရရှိ သည့် ဈေးဖြစ်လာခဲ့သလို ကရင်အချင်းချင်း အားပေးသည့် ပုံစံမျိုး ကနဦး ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် လူပေါင်းစုံ လာရောက်ရောင်းချနေကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။



















