ဇန်နဝါရီ ၁ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်မည့်ကိစ္စအပေါ် အထက်သို့ ညှိနှိုင်းဆောင်ရွက်ပြီးမှသာ ဆက်လုပ်ဆောင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပ လာယာခရိုင်၊ ဝင်းရေးမြို့နယ်မှ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အသိပေးစာတစ်စောင်ထုတ်ပြန်လိုက်သည်။
KNU ခရိုင်၊ ဗဟိုမှ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည့်ကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားချက်မထုတ်ပြန်သေးသည့်အပေါ် ညှိနှိုင်းဆောင်ရွက်ရန် ယခုလို အသိပေး အကြောင်းကြားခြင်းဖြစ် သည်ဟု KNU ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေက ဒီဇင်ဘာ ၃ဝ ရက်နေ့တွင် ကေအိုင်စီသို့ ပြော သည်။
၎င်းက “ညှိနှိုင်းဆောင်ရွက်မှု လာမလုပ်တဲ့အပေါ်မှာ အုပ်ချုပ်ရေးမှူးအသစ်ပြန်ရွေးဖို့ကိစ္စ ပြန်ပြီးအကြောင်း ကြားတာပါ။ NCA အရ ညှိနှိုင်းဆောင်ရွက်ရမယ့်အပိုင်းပါတယ်။ နိုင်ငံရေးအရ တုပ်နှောင်ချည်နှောင်ခံထား ရသလို ဖြစ်နေတယ်။ အခုလိုလုပ်ခြင်းအားဖြင့် KNU ကနေ ရွေးကောက်တင်မြောက်ထားပြီး သက်တမ်း ၁ နှစ်ကျော်သာရှိသေးတဲ့ အုပ်စုမှူးတွေကို အသိအမှတ်မပြုသလို သက်ရောက်စေတယ်” ဟု ပြောသည်။
NCA သဘောတူညီချက် အပိုဒ် (၂၅) အပိုဒ်ခွဲ (ဂ) အရ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ပါရှိသော်လည်း မိမိတို့နှင့် တိုင်ပင်ဆွေးနွေးမှုမရှိသည့်အပြင် မည်သို့ပူးပေါင်းဆောင်ရွက်ရန် ဗဟိုမှ လမ်းညွှန်ချက် မရှိသေးသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်တင်မြောက်ခြင်းကိစ္စ လုပ်နည်းလုပ်ဟန်အမှား များမဖြစ်စေရန်နှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီကို အတူလက်တွဲ လျှောက်လှမ်းနိုင်ရေး ညှိနှိုင်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် KNU ဝင်းရေးမြို့နယ် အသိပေးအကြောင်းကြားစာတွင် ဖော်ပြထားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “နဂိုကတည်းက ပူးပေါင်းဆောင်ရွက်ဖို့ KNU ခရိုင် ဥက္ကဌနဲ့ ညှိနှိုင်းပြီးသားပါ။ တရားဝင်စာတော့ အကြောင်းမကြားဘူးပေါ့လေ။ ခရိုင်ဥက္ကဌနဲ့ ညှိနှိုင်းပြီး စာနဲ့ ညွှန်ကြားပေးဖို့ ပြန်ပြီးညှိနှိုင်းတိုင်ပင်မယ်။ ရတဲ့အုပ်စုအရင်ရွေးချယ်သွားမယ်။ မဖြစ်မနေလုပ်မှာမဟုတ်ဘူး” ဟု ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစိုးရမှရွေးကောက်တင်မြောက်ထားသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် KNU နှင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် ၎င်းတို့အဖွဲ့မှ ရွေးကောက်တင်မြောက်ထားသည့် ကျေးရွာအုပ်စုမှူးရှိပြီး တရားဥပဒေနှင့် လူမှုစီးပွားရေးရာကိစ္စရပ်များတွင် ဒေသခံများအကြား သဘောထား ကွဲလွဲမှုများရှိသည့်အတွက် တာဝန်ရှိသူများ အချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီးမှသာ ဆောင်ရွက်စေချင်သည်ဟု ဝင်းရော်ဒေသခံလည်းဖြစ်၊ လူငယ်ကဗျာဆရာတစ်ဦးဖြစ်သူ စောယောင့်သာအဲဆန်က ကေအိုင်စီသို့ပြော သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွား ၅၁ အုပ်စုမှ ၄၉ အုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ် နိုင်ရန် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းခဲ့ပြီး လာမည့်ဇန်နဝါရီလအတွင်း အပြီးရွေးချယ်သွားရန်ရှိသည် ဟု မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။