ဒီဇင်ဘာ ၉ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း၊ တတိယနှစ်သက်တမ်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၇စုအတွက် ကျပ်သန်း ၂,၀၀၀ကျော် သုံးစွဲသွားမည်ဟု စီမံကိန်း သတင်းနှင့် ဆက်သွယ်ရေး တာဝန်ခံ ဒေါ်ဇင်မာထွန်းက ကေအိုင်စီသို့ ပြော သည်။
အဆိုပါစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank)တို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ပြီး ကျေးရွာများတွင် လူမှုအခြေခံလိုအပ်ချက်များကို အဓိကထား လုပ်ဆောင်ပေးသည့် စီမံကိန်းဖြစ်သည်ဟု ဒေါ်ဇင်မာထွန်း က ယခုလို ပြောသည်။
၎င်းက “တတိယနှစ်စီမံကိန်းက ဒီဇင်ဘာလမှာ စတင် အကောင်ထည်ဖော် ထောက်ပံ့ပေးနေပါပြီး။ ကျေးရွာ ၄၇အုပ်စုအတွက် ကျပ် ၂,၂၇၂သန်း ထောက်ပံ့မယ်။ ကျေးရွာလူနေမှု အခြေခံလိုအပ်ချက်တွေ၊ လူထုစွမ်းဆောင်ရည်မြှင့်တင်ဖို့၊ သဘာဝဘေး အန္တရာယ် အရေးပေါ်အခြေအနေအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်တယ်”ဟု ဒီဇင်ဘာလ ၈ရက်နေ့တွင် ပြောသည်။
အဆိုပါစီမံကိန်းတွင် ကျေးရွာအုပ်စုအလိုက် လူဦးရေပေါ်မူတည်ကာ ခွဲဝေသုံးစွဲသွားမည်ဖြစ်ပြီး စာသင်ကျောင်းများ၊ သောက် သုံးရေရရှိရန် လုပ်ဆောင်ခြင်း၊ ကျေးရွာအလိုက် အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်း၊ တံတားနှင့် လျှပ်စစ်မီးရရှိစေရေးတို့အ တွက် အဓိက သုံးစွဲသွားမည်ဟုလည်း သိရှိရသည်။
စီမံကိန်းနှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက “ အရင်က လမ်းတွေ၊ စာသင် ကျောင်းတွေဆောက်ရင် တစ်အိမ် ၄သောင်း ဝိုင်းထည့်ရတယ်ပေါ့နော်။ လူထုကိုလည်း မနည်း စည်းရုံးနေရတယ်။ အခု လူထု ဗဟိုပြုစီမံကိန်းရောက်လာတော့ ကျေးရွာကွန်ကရစ်လမ်းတွေ လုပ်နိုင်ခဲ့တယ်။ ပိုက်ဆံ ပြန်ပေးဆပ်စရာမလိုဘူး။ စီမံကိန်းပြီး သွားရင်လည်း ဖွံ့ဖြိုးမှုနည်းသေးတဲ့ရွာမှာ ထောက်ပံ့မှု ထပ်ပေးစေချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank)တို့ ပူးပေါင်းလုပ်ဆောင်သည့် ကျေးလူထုဗဟိုပြု စီမံကိန်းကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်သည့် မြို့နယ် ၃မြို့ကို စီမံကိန်း စတင် အကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်တွင် ၆၃မြို့နယ် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ကရင်ပြည်နယ်၌ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ရွေးချယ်ခဲ့ပြီးနောက် လာမည့် ၂ဝ၁၈ခုနှစ်တွင် ကော့က ရိတ်နှင့် လှိုင်းဘွဲ့မြို့နယ်များကို လေးနှစ်စီမံကိန်း ထပ်တိုးလုပ်ဆောင်သွားမည်ဟု စီမံကိန်းတာဝန်ခံများထံမှ သိရသည်။



















