ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒုစရိုက်မှုများလာကာ တရားခံ ဖမ်းမိခြင်းနည်းသည့်အတွက် မြို့လုံခြုံရေးအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားတိုးချဲ့ပေးရန် ကော့ကရိတ်မြို့နယ် မှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းသူဇာဝင်းက ဒီဇင်ဘာ ၅ ရက်နေ့က ပြုလုပ်သည့် ဆဌမ ပုံမှန်လွှတ်တော် အစည်းဝေး ပထမနေ့တွင် တင်ပြလိုက် သည်။
ကော့ကရိတ်မြို့တွင် ဒုစရိုက်မှုများလာသည့်အတွက် လက်ရှိအချိန် မြို့နေပြည်သူများသည် လုံခြုံမှုမရှိဘဲ ကျန်းမာရေးအရ ဖြစ်စေ၊ အလုပ်ကိစ္စဖြစ်စေ ညဘက်အပြင်ထွက်ပါက စိုးရိမ်မှုအခြေအနေများနှင့် ကြုံတွေ့နေရသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းသူဇာဝင်းက ဆိုသည်။
“တရားခံကို ယခုအထိ ဖမ်းဆီးခံရခြင်းမရှိသေးပါဘူး။ လောင်းကစားများနဲ့ မူးယစ်ဆေးဝါးများ ခွင့်ပြုချက်အမိန့် လိုင်စင်ရသကဲ့သို့ပင် ၂၄နာရီလောင်းကစားများနဲ့ ရောင်းဝယ်ဖောက်ကားနေကြခြင်းများကြောင့် ဒေသခံပြည်သူများ ညအချိန်ခါ သွားလာမှုမရဲဖြစ်နေရတယ်။ ယခုအချိန် ကျောင်းသားများလည်း လောင်းကစားဝိုင်းအထိ မိဘများသွားလာ ခေါ်ဆောင်ယူရပြီး၊ လောင်းကစားများသည့်အတွက်ကြောင့် ရပ်ကွက်တွင် ခိုးယူမှုပိုမိုများပြားလာပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်းမှာ တရားခံဖမ်းဆီးမရသည့် အမှုများစွာရှိလာပြီး အဆိုပါအမှုများမှာ အမျိုးသမီးနှစ်ဦးအား KNU အဖွဲ့မှ နေအိမ်သို့ ဝင်ရောက်ပေးဆွဲမှု၊ အကြွေးပေးရန်ရှိသောကြောင့် မိန်းကလေးတစ်ဦးအား ပြန်ပေးဆွဲခေါ်သွားမှု၊ ကော့ကရိတ် တောင်ပေါ်ကျောင်းမှ ရှေးဟောင်းဆင်စွယ်ခိုးယူခံရမှု၊ မြို့တွင်းကားမှန်နှင့်စာသင်ကျောင်းမှန်ရိုက်ခွဲခံရမှု၊ ဖားအံမြို့ရုံးချိန်း အ ပြန်မူးယစ်တရားခံအား ပစ်ခတ်လုယက်ခံရမှု၊ ကော့ကရိတ် အချုပ်ခန်းဖောက်ပြီး တရားခံများလွတ်မြောက်မှုနှင့် ကော့က ရိတ်ဆေးရုံကြီးရှိ ဆိုင်ကယ်များစွာ ပျောက်ဆုံးမှု စသည့် အမှုများသည် လက်ရှိအချိန်ထိ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေး ကြောင်း ပြည်နယ်လွှတ်တော်သို့ တင်ပြထားသည်။
ကော့ကရိတ်မြို့ လုံခြုံရေးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အင်အားတိုးမြှင့်ခန့်ထားပြီး အုပ်ချုပ်မှုအား အရည်အသွေး မြှင့် တင်ပေး ရန် အစီအစဉ်ရှိမရှိစသည့် မေးမြန်းထားချက်အပေါ် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်း နောင်က ယခုလိုပြန်လည်ဖြေကြားသည်။
“ရဲတပ်ဖွဲ့ဝင်အင်အား ဖြည့်ဆည်းနိုင်ဖို့အတွက်လည်း ရဲတပ်သားသစ်စုဆောင်းရေးကို လျာထားချက်ရေးဆွဲပြီးတော့မှရဲ တပ်သားသစ်စုဆောင်းလျက်ရှိနေပါတယ်။ ဒီလိုစုဆောင်းရရှိတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားများကို မှုခင်းဖြစ်ပွားမှု၊ တရား ဥပဒေ စိုးမိုးလွှမ်းခြုံနိုင်မှု၊ လူဦးရေ ထူထတဲ့ တိုင်းဒေသနဲ့ ပြည်နယ်တွေကို ဦးစားပေးအစီအစဉ်များဖြင့် တာဝန်ခွဲဝေ နေလျက်ရှိ သည်”ဟု ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြန်လည်ဖြေကြားသည်။
ကော့ကရိတ်မြို့တွင် ထိုင်း-မြန်မာနယ်စပ်နှင့်နီးစပ်သည့်မြို့လေး တစ်မြို့ဖြစ်သည့်အပြင်မြို့တွင်းမှာ စစ်တပ်ဝင်းများရှိသော် လည်း လုံခြုံရေးအရ ရဲတပ်ဖွဲ့ကိုသာ အားကိုးရသည်ဟု လွှတ်တော်ကိုယ်စားလှယ် တင်ပြထားချက်အရ သိရသည်။



















