စက်တင်ဘာလ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
အမျိုးသမီးအရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းများ၊ တိုင်းရင်းသားဒေသရှိ အမျိုးသမီးအဖွဲ့အစည်းများပါဝင်သည့် ငြိမ်းချမ်း ရေးအတွက် Together For Peace ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အမျိုးသမီးများ ဖိုရမ်တစ်ရပ်ကို ကရင်ပြည်နယ် ဖားအံမြို့ တော်ဝင်ရတနာခန်းမတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ ကျင်းပလျှက်ရှိသည်။
စက်တင်ဘာ ၂၁ ရက်အထိ ၃ ရက်တာ ကျင်းပမည့် ယင်းဖိုရမ်တွင် အမျိုးသမီးအရေးလှုပ်ရှားသည့် အဖွဲ့များမှ တက် ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် အတူတကွပါဝင်မှုနှင့်အတူ လေးစားမှု၊ လုံခြုံမှုနှင့် လူ့ဂုဏ်သိက္ခာရှိမှု စသည့် ရည်ရွယ် ချက် ဆောင်ပုဒ်များဖြင့် ကျင်းပခြင်းဖြစ်သည်ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) ဒါရိုက်တာ နော်သက် သက်ထွန်းက ပြောသည်။
၎င်းက “ ဒီဖိုရမ်က WLB နဲ့ပေါင်းလုပ်တာ ပထမဆုံးအကြိမ်ဖြစ်တယ်။ အရင်လုပ်တာတွေက နယ်မစုံဘူး။ အခုက တစ်နိုင်ငံ လုံးအတိုင်း အတာနဲ့လုပ်တာဖြစ်တယ်။ ရည်ရွယ်ချက်က အဓိက ၃ ချက်ရှိတယ်။ အဲဒီ ၃ ချက်ကိုအခြေခံပြီးတော့ ဆွေးနွေး မယ်။ ပြီးတော့ရလာတဲ့ ဆွေးနွေး အကြံပြုချက်တွေကို KWEG နဲ့ WLB တို့ပူးပေါင်းပြီး ထုတ်ပြန်ချက်ထုတ်မယ်။ ပြီးရင် သတင်း စာရှင်းလင်းပွဲလုပ်ပါမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အခြား ရည်ရွယ်ချက်များဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အဓိက ကျသည့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးကဏ္ဍနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပိုမို ပါဝင်လာနိုင်ရန်အပြင် ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းကြွေကြော်သံများ ဖော်ထုတ်ရန်တို့ ဖြစ်သည်။
အဆိုပါ ဖိုရမ်တွင် အမျိုးသမီးများငြိမ်းချမ်းရေးနှင့်လုံခြုံရေးအခြအနေ၊ ပြည်တွင်းပြည်ပရှိ စစ်ပြေးရှောင် ဒုက္ခသည်အခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအခြေအနေ၊ အမျိုးသမီးများ၏ ငြိမ်းချျမ်းရေးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သည့် အမျိုးသမီးများ အတွေ့အကြုံ ဖလှယ်မှုစသည့် အချက်များကို စကားဝိုင်းပြုလုပ်ကာ ဆွေးနွေးဖလှယ် အကြံပြုချက်များ ရယူမည်ဖြစ်သည်။

လက်ရှိတွင် အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံရေး ကဏ္ဍနှင့် ဆုံးဖြတ်ချက် ချမှတ်သည့် နေရာများတွင် အမျိုးသမီးပါဝင်မှု အားနည်းနေသေးသည့်အတွက် ပိုမိုပါဝင်ခွင့်ရရန် တောင်းဆိုမှုများရှိနေဆဲဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း အမျိုသမီးများအနေဖြင့် ထိုသို့ပါဝင်နိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ထောက်ပြပြော ဆိုမှုများလည်း ရှိနေသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဒေါက်တာဒေါ်ညိုညိုသင်း “အမျိုးသမီးတွေ နေရာမရဘူး ဆိုတာက မပေးလို့မရတာဖြစ်တယ်။ အမျိုးသမီးကို နေရာပေးလို့ရှိရင် ဘယ်လောက်အကျိုးရှိလာမလဲဆိုတာ သူတို့ မသိရှိ လို့ဖြစ်တယ်။ တစ်ချို့ပြောနေကြတဲ့ အမျိုးသမီးတွေကိုယ်တိုင်က အရည်အချင်း အားနည်း တယ်ဆိုတာဟာ အမျိုးသမီးတွေ နဲ့ပဲသက်ဆိုင်တာမဟုတ်ဘူး။ ဒါဟာတစ်နိုင်ငံလုံးနဲ့လည်းသက်ဆိုင်တယ်။ အမျိုးသမီးတွေပါဝင်ဖို့ တောင်းဆိုနေတဲ့ အမျိုး သမီးတွေကိုယ်တိုင်ကလည်း တကယ်အရည်အချင်းရှိသူတွေဖြစ်ပါတယ်။ နောက်ပြီးကဏ္ဍအသီးသီးမှာ အရည် အချင်း ဘယ်လောက်ရှိလဲ၊ ဘယ်လိုစွမ်းဆောင်နိုင်လဲဆိုတာ သက်သေတွေလည်းရှိပြီးဖြစ်ပါတယ် ”ဟု ပြောသည်။
စက်တင်ဘာလ ၁၉ ရက်မှ စတင်ကာ ၃ ရက်တာပြုလုပ်သည့် အမျိုးသမီးဖိုရမ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)(WLB)နှင့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWEGတို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများအပြင် တိုင်းရင်းသားအမျိုးသမီး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀ဝ ကျော် တက်ရောက်ကြောင်း သိရသည်။



















