(မောင်ကျော်စွာ)
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “၁၉ စက်တင်ဘာ မိန့်ခွန်း”ဟာ ပြည်တွင်းပြည်ပ အာရုံစူးစိုက်မှုနဲ့ ဝေဖန်မှု၊ တိုက်ခိုက်မှုမျိုးစုံ အခံရဆုံး မိန့်ခွန်းဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
ဒီမိန့်ခွန်းမှာ (သဘောမတူနိုင်စရာ အချက်တချို့ ပါရှိနေစေကာမူ) အလေးအနက်ထားပြီး ကြိုဆိုစရာကောင်းတယ်လို့ ကျနော် ထင်မြင်ယူဆတဲ့ အချက်ကတော့ စစ်အုပ်စုနဲ့ နောက်လိုက်နောက်ပါတွေက တောချောက်ကျုံးသွင်းနေတဲ့ “နောက်ထပ်စစ်ပွဲ” တစ်ခုကို ရှောင်တိမ်းသွားနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။
ဒီရှောင်တိမ်းနိုင်မှုဟာ ယာယီပဲလား၊ ကာလတိုအခိုက်အတန့်ပဲလား၊ အရှည်သဖြင့်လားဆိုတာကို ဆက်လက်ပြီး အကဲခတ်ကြရ အုံးမှာပါ။ ယာယီပဲလား၊ ကာလတိုအခိုက်အတန့်ပဲလားလို့ ပြောရတာက အကြောင်းအချက် ၂ခုရှိလို့ပါ။
ပထမအကြောင်းအချက်က “၂၀၀၈အခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု” ဆိုတဲ့ အကြောင်းအချက်၊
ဒုတိယအချက်က “ကိုဖီအာနန် အစီရင်ခံစာ ဆန့်ကျင်ရေးအုပ်စု” တည်ရှိနေမှု ဖြစ်ပါတယ်။
ဒီအုပ်စုဟာ တော်ရုံတန်ရုံအုပ်စု မဟုတ်ပါဘူး။ အတွင်းသဘောအရ “စစ်အုပ်စု”ကို မှီခိုအားထားပြီး အပေါ်ယံသွင်ပြင်မှာတော့ “လူမျိုးရေး၊ ဘာသာရေး” အရေခြုံထားသူတွေနဲ့ စုဖွဲ့ထားတဲ့ အုပ်စုဖြစ်နေလို့ပါပဲ။ သူတို့ဟာ အကြမ်းဖက်ဆူပူ သောင်းကျန်းမှု မျိုးစုံကို မီးကုန်ယမ်းကုန်လုပ်မှာပါ။ သွေးခွဲရန်တိုက်ပေးမှုမျိုးစုံကို လူမဆန်စွာ လုပ်မှာဖြစ်တယ်။ လုပ်နေပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ “နောက်ထပ်စစ်ပွဲ”ဆိုတာက(ARSA)အကြမ်းဖက်အဖွဲ့ကို ရှိတာထက်ပိုပြီး အကျယ်ချဲ့ထားတဲ့ “အကြမ်း ဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲ”ကို ဆိုလိုတာပါ။
စစ်ဆိုတာ စတင်ဖို့ လွယ်ကူသလောက် အဆုံးသတ်ဖို့၊ အပြီးသတ်ဖို့ ရှုပ်ထွေး ရှည်ကြာပြီး ခက်ခဲတတ်ပါတယ်။ ဒါကြောင့် မိမိ အုပ်စုအတ္တ အကျိုးစီးပွားဖြစ်ထွန်းရေးကိုသာ ကွက်ကြည့်ပြီး စစ်ပွဲတစ်ခုကို မဆင်မခြင်၊ မိုက်မိုက်ကန်းကန်း လှုံ့ဆော်တာမျိုး၊ စတင်တာမျိုး မလုပ်သင့်ပါဘူး။ ဒီနေ့လိုကာလမျိုးမှာ ပိုပြီးတောင် မလုပ်သင့်ပါဘူး။ မလိုအပ်ရင် စစ်ဆိုတဲ့လက်နက်ကရိယာကို အသုံးမပြုသင့်ပါဘူး။ လိုအပ်ရင်တော့ တိုတောင်းနိုင်သမျှ အချိန်တိုအတွင်း မိမိရည်မှန်းချက်အပြည့်အဝရရှိအောင် ပီပီပြင်ပြင်၊ ထိထိရောက်ရောက် ဆင်နွှဲတတ်ဖို့လိုပါတယ်။
ကျနော်တို့တိုင်းပြည်ရဲ့ လက်တွေ့ဘဝအရပြောရရင် ယနေ့ကာလမှာ စစ်ကိုရှောင်တိမ်းနိုင်သမျှ ရှောင်တိမ်းဖို့ သမိုင်းကြောင်း အချက်အလက်အရရော၊ လက်တွေ့အရပါ အင်မတန် လိုအပ်နေတဲ့ကာလဖြစ်ပါတယ်။
သမိုင်းကြောင်းအချက်အလက်အရ
သမိုင်းကြောင်း အချက်အလက်အရဆိုတာမှာ အောက်ပါ ပကတိအချက် ၂ခု အခြေခံအားဖြင့် ပါရှိနေပါတယ်။
ပထမအချက်က ယနေ့အထိ မရပ်စဲနိုင်သေးတဲ့ အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲမှုရလဒ်ဖြစ်တဲ့ “ပြည်တွင်းစစ်” ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြီးဟာ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ခဲ့သော်လည်း ဒီနေ့ထိ ပြတ်ပြတ်စဲစဲ ရပ်စဲနိုင်ခြင်း မရှိသေးပါဘူး။
ဒုတိယအချက်က ရာစုနှစ်ဝက်ကျော်ရှည်ကြာလှပြီဖြစ်တဲ့ “စစ်အုပ်စု/စစ်အာဏာရှင်စနစ်အုပ်စိုးမှု”ပဲ ဖြစ်ပါတယ်။
လက်တွေ့အရ
လက်တွေ့အရ တည်ရှိနေတဲ့ အချက်အလက်တွေထဲမှာ ဘာတွေပါသလဲ။
အထက်မှာတင်ပြခဲ့တဲ့ သမိုင်းအကြောင်းအချက် ၂ခုကနေ တိုက်ရိုက်ပေါက်ဖွားလာ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ တစ်တိုင်း တစ်ပြည်လုံး အမျိုးသားသွေးစည်းညီညွတ်မှု တစစီ ကျေမွပျက်သုဉ်းနေတဲ့အချက်နဲ့ တိုင်းပြည်နဲ့ လူထု ဆင်းရဲမွဲနေတဲ့အချက် တွေဟာ အဓိက ဖြစ်ပါတယ်။
အမျိုးသားသွေးစည်းညီညွတ်မှုမရှိတဲ့၊ ပြိုကွဲနေတဲ့၊ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်တစ်ခုဟာ “နောက်ထပ်စစ်ပွဲ”တစ်ခုကို [ဒီစစ်ပွဲ အမျိုးအစားဟာ ဦးကိုကိုလှိုင်တို့ အာတွေ့နေတဲ့ (Asymmetric Warfare) စစ်ပွဲဖြစ်ပါတယ်၊ ဒီစစ်ပွဲမျိုးဟာ ရန်သူကို အမြစ်ပြတ် ရှာဖွေချေမှုန်းဖို့ ခက်ပါတယ်။ စူပါပါဝါကြီးတောင် သူဖော်တဲ့ဆေး သူစားနေရပြီး အဲဒီစစ်ပွဲနွံထဲမှာ နစ်သထက်နစ်နေတယ် မဟုတ်ပါလား] မဆင်မခြင် လှုံ့ဆော်တာဟာ၊ အဲဒီစစ်ပွဲထဲ အတင်းဆွဲသွင်းတာဟာ အလွန် နလဗိန်းတုံးဆန်တဲ့ မိုက်မဲညံ့ဖျင်းမှု သာ ဖြစ်ပါတယ်။
ဒီလိုသမိုင်းကြောင်းနဲ့ လက်တွေ့အခြေအနေ၊ အချက်အလက်တွေဖြစ်တဲ့ ပြည်တွင်းစစ်ကို လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ခါးစည်းခံနေရတဲ့၊ စစ်အာဏာရှင်စနစ်ကို ရာစုနှစ်ဝက်ကျော်ကြာ ထမ်းပိုးထားရတဲ့ တိုင်းပြည်နဲ့လူထုရဲ့ပခုံးပေါ်ကို “အကြမ်းဖက် ဝါဒ ဆန့်ကျင်ရေးစစ်ပွဲ”ဆိုတဲ့ နောက်ထပ် စစ်ဝန်ထုတ်ဝန်ပိုးတစ်ခုကို ထပ်မံ ပစ်တင်လိုက်မယ်ဆိုရင် ဒီတိုင်းပြည်နဲ့ ဒီလူထုဟာ အရှေ့တောင်အာရှမှာရော ကမ္ဘာမှာပါ နာလန်ထူလာစရာအကြောင်းမရှိသလို အခြားတိုင်းပြည်တွေနဲ့ ခေါင်းမော့ရင်ဘောင်တန်း လာနိုင်စရာ၊ ဘယ်လိုမှ အကြောင်းအချက် မရှိနိုင်တော့ပါဘူး။
(Myawaddy Media Group) “မြဝတီမီဒီယာအုပ်စု” ကတော့ စစ်ပွဲကို လှုံ့ဆော်နေပါတယ်။ (ARSA) ရဲ့တိုက်ခိုက်မှုကို ပကတိ တည်ရှိနေတာထက် ပိုပြီး ပုံကြီးချဲ့နေပါတယ်။
အပ်နဲ့ထွင်းရမယ့်ကိစ္စလေးကို ပေါက်ဆိန်နဲ့ပေါက်ဖို့ အကြီးအကျယ် ဝါဒဖြန့်နေပါတယ်။
တကယ်တော့ “ရခိုင်ပြည်နယ်အရေးနှင့် လုံခြုံရေးအမြင်” (Talk on Rakhaing issue and Security outlook) စကားဝိုင်း ဆွေးနွေးပွဲဆိုတာ ပြောင်အကျဆုံးပြုလုပ်တဲ့ “စစ်ပရိုမိုးရှင်းပွဲ” ဖြစ်ပါတယ်။
ဘယ်သူတွေ စင်မြင့်ပေါ်တက်ပြီး ဟောပြောသလဲ၊ ဘယ်သူတွေ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြသလဲ၊ ဘယ်လိုအချက် တွေနဲ့ လမ်းကြောင်းပေးပြီး ဘယ်ကိုရောက်အောင် ဦးတည်ဆွေးနွေးနေသလဲဆိုတဲ့ အချက်တွေနဲ့ စိစစ်ကြည့်လိုက်တာနဲ့ပဲ “မြဝ တီမီဒီယာအုပ်စု”ရဲ့နောက်ကွယ်က “လက်”ဟာ ဘယ်သူ့လက် ဖြစ်မလဲဆိုတာ လူတိုင်း အလွယ်တကူ ခန့်မှန်းသိရှိ သဘော ပေါက်နိုင်ပါတယ်။
“စစ်ပရိုမိုးရှင်း”လို့ဆိုတာမှာ စစ်ပွဲတစ်ခုထဲ မဟုတ်ပါဘူး။ “တပ်မတော် မရှိလို့မဖြစ်ဘူး”၊ “တပ်မတော်မပါဘဲ မဖြစ်ဘူး”။ “သီပေါ မင်း ပါတော်မူသလို ထီးကျိုးစည်ပေါက် ကျွန်သဘောက်ဘဝ ကျရောက်သွားမယ်”၊ “ကာလုံအစည်းအဝေးအမြန်ခေါ်ရမယ်” ဆိုတဲ့ ပရိုမိုးရှင်းတွေပါ ပါဝင်နေတယ် မဟုတ်လား။
ပရိုမိုးရှင်းလုပ်ချင်တဲ့ အဓိကရည်ရွယ်ချက်က “မောင်တော”ကို အရင်းပြုပြီး စစ်အုပ်စုဩဇာ တစ်ပြည်လုံး လွှမ်းမိုးဖြန့်ကျက်နိုင်ဖို့ အရူးအမူး ကြိုးပမ်းတာသာ ဖြစ်ပါတယ်။ ရှည်ကြာလှပြီဖြစ်တဲ့ ပြည်တွင်းစစ်ထဲမှာ “အကုန်သတ်၊ အကုန်လု၊ အကုန်ရှို့၊ အကုန် ကျင့်ခဲ့တဲ့ သမိုင်းဒုစရိုက်ဆိုးကွက်ကြီး”ကို၊ တိုင်းရင်းသားပြည်သူတွေရဲ့ သွေးတွေ၊ အသက်တွေ ခြေဆုံးခေါင်းဆုံး စွန်းပေနေတဲ့ သူတို့ခန္ဓာကိုယ်ကြီးကို “ဘဂင်္ါလီအကြမ်းဖက် ကျူးကျော်တိုက်ခိုက်မှု” ဆိုတဲ့ “နံငယ်ပိုင်း”နဲ့ ဖုံးကွယ်ဖို့ ကြိုးစားတာပါ။
ကြံ့ဖွံ့ပါတီနဲ့ အဆွယ်အပါး အစုအဝေးတွေကတော့ “ကာလုံ” အမြန်ခေါ်ပေးဖို့ အသံကုန်ဟစ်နေပါတယ်။ ဒီနေ့ကာလမှာ “၂၀၀၈ အခြေခံဥပဒေ”ကို လက်ခံသူလား/လက်မခံသူလား ဆိုတဲ့ စည်းကြောင်း အထင်ရှားရှိနေသလို၊ “လူ့စည်း ဘီလူးစည်း” နောက် ထပ် ခွဲခြားနိုင်တဲ့ ပေတံတွေလည်း ပေါ်ထွက်လာနေပါတယ်။
အဲဒါတွေကတော့ “ဒေါက်တာကိုဖီအာနန် အပြီးသတ်အစီရင်ခံစာ”ကို လက်ခံသူလား/လက်မခံသူလား။ “ကာလုံအစည်းအဝေး ခေါ်ပေးရေး” တစာစာ တောင်းဆိုမှုမှာ ပါဝင်သူလား/ မပါဝင်သူလား။
ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို လက်မခံသူထဲမှာ “ကာချုပ်” ကိုယ်တိုင်ပါဝင်နေတာကို တွေ့ရတယ်။
နိုင်ငံတော်သမ္မတထံ “အပြီးသတ်အစီရင်ခံစာ” ပေးအပ်ဖို့ မြန်မာနိုင်ငံကို လာရောက်တဲ့ မစ္စတာကိုဖီအာနန်ကို ကာချုပ်က လက် ခံတွေ့ဆုံရာမှာ ကာချုပ်ပြောတဲ့ စကားတွေက မချေငံလှဘူး။ မဆီမဆိုင် “ကျောက်ထက် အက္ခရာတင်ထားရမယ်” ဆိုတဲ့စကား တွေ ပြောတယ်။
လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ အထင်ကရသမိုင်းဝင်(တကသ) အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ မိုက်မိုက်မဲမဲ ဖြိုချပစ်တာလည်း စစ် အုပ်စုပါပဲ။ ထို့အတူ ကျောက်ထက်အက္ခရာတင်ထားလည်း သူတို့မလိုလားရင် ဖျက်ဆီးပစ်ဖို့ ဝန်မလေးပါဘူး။ ဒီကိစ္စတော့ ဗိုလ် ခင်ညွန့်ကို မေးကြည့်ရင် သိပါလိမ့်မယ်။
ကိုဖီအာနန်ကို လက်ခံတွေ့ဆုံရာမှာ ကာချုပ်ဘက်က အဓိကဖော်ပြတဲ့ချက်ဟာ “အာနန် အစီရင်ခံစာ”ကို မနှစ်မျို့ဘူး၊ လက်မခံ ဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။
တကယ်တော့ အရင်းစစ်လိုက်ရင် ရခိုင်ပြဿနာဟာ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ် အုပ်စိုးမှုရဲ့ နောက်ဆက်တွဲပြဿနာ တပုံတခေါင်းကြီးထဲက တစ်ခုသာဖြစ်တယ်။ တချို့က တဝက်တပျက် ဖော်ပြနေကြသလို တပ်နဲ့ အရပ်ဘက်ဌာနတချို့ရဲ့ အကျင့်ပျက် လာဘ်စားမှုသက်သက် မဟုတ်ပါဘူး။ တိုင်းပြည်အပေါ် သစ္စာဖောက်မှုကြီး ဖြစ်ပါတယ်။
သူတို့ ဆင်ခြေပေးနေသလို “တပ်နဲ့ ဌာနဆိုင်ရာ အရာရှိတချို့ အကျင့်ပျက်လာဘ်စား”တာကို မသိချင်ဟန်ဆောင်ပြီး ထိထိ ရောက်ရောက် ကိုင်တွယ်အရေးယူခြင်း မရှိခဲ့တာဟာလည်း တကယ်တော့ တိုင်းပြည်နဲ့လူထုအပေါ် တာဝန်ပျက်ကွက်တာ၊ သစ္စာဖောက်ဖျက်မှုကို အားပေးကူညီတာ၊ ပူးပေါင်းကြံစည်တာ၊ သစ္စာဖောက်အားပေးတာသာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီလို တပျော်တပါး သစ္စာဖောက်ပွဲတော်ကြီးမှာ စားတော်ခေါ်ခဲ့ကြတဲ့ အမြှီးစားဖက် ခေါင်းစားဖက်တွေက “အမျိုး သားရေးမှာ ဘယ်တော့မှ သစ္စာမဖောက်ဘူး”လို့ လက်သီးလက်မောင်းတန်းနေတာလောက် ရယ်စရာကောင်းတာ လောကမှာ ဘာရှိတော့မှာလဲ။ ပိုက်ဆံပေးရင် “အမျိုးသားမှတ်ပုံတင်” ထုတ်ပေးခဲ့တာ ဘယ်သူတွေလဲ။ ပါတီဝင်တွေအဖြစ် သိမ်းသွင်းခဲ့တာ၊ မဲထည့်စေခဲ့တာ ဘယ်ပါတီလဲ။ ဘယ်အစိုးရတွေလဲ။ မြက်ဟောင်းကိုမွှေရင် အပုပ်နံ့ထွက်မယ် ဆိုတဲ့စကားလိုပေါ့။ မောင်တော ပြဿနာရဲ့ အရင်းအမြစ်ကို တူးဆွဖော်ထုတ်လိုက်မယ်ဆိုရင် ပုပ်ပွနေတဲ့ သစ္စာဖောက်တွေဟာ ယင်တလောင်းလောင်းနဲ့ ပေါ် လာပါလိမ့်မယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြဿနာကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်ဖို့ ပြည်တွင်းပြည်ပကို ပန်ကြားထားပါတယ်။ ရဲရဲဝံ့ဝံ့ ဖိတ် ခေါ်ထားပါတယ်။ ထွက်ပြေးသွားသူတွေကို (Verification Process) စိစစ်လက်ခံရေးနဲ့ပတ်သက်ပြီး ၁၉၉၃ခုနှစ်က ဘဂင်္လားဒေ့ ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီထားတဲ့ မူနဲ့သတ်မှတ်ချက်တွေကို အတိအလင်း ညွန်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပတ်သက်ရင်လည်း “ဘာသာ၊ လူမျိုး၊ ရာထူး စတာတွေကို ငဲ့ညာမှာမဟုတ်ဘဲ ဒီမြေရဲ့ ဥပဒေ ကို ဆန့်ကျင်သူများ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူသွားမှာဖြစ်ပါတယ်” ဆိုတဲ့ ပြောကြားချက်ဟာ တာဝန်ယူမှုနဲ့ တည်ကြည်လေးနက်မှုအပြည့် ပါရှိတယ်လို့ ကျနော်မှတ်ယူပါတယ်။
ဒါ့အပြင် “ကျွန်မတို့အနေနဲ့ (ဒေါက်တာကိုဖီအာနန်) ကော်မရှင်ရဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားဖို့ သန္နိဌာန် ချထားပြီးဖြစ်ပါတယ်။ အချိန်တိုတိုအတွင်း တိုးတက်ကောင်းမွန်အောင် အမြန်ဆုံးဆောင်ရွက်နိုင်မယ့် အကြံပြုချက်တွေကို ဦးစားပေး အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကျန်တဲ့အချိန်ယူဖို့လိုတဲ့ အကြံပြုချက်တွေကို နောက်ပိုင်းမှာ ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”လို့ မိန့်ခွန်းထဲမှာ အတိအလင်း ပြောကြားထားတာ ရှိပါတယ်။
ဒီနေရာမှာ အင်မတန် စိုးရိမ်စရာကောင်းတဲ့အချက်က “အာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ”ကို လက်တွေ့အကောင်အထည် ဖော်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့အသက်အန္တရာယ်နဲ့ လုံခြုံရေး ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးကို နှောင့်နှေးကြန့်ကြာစေဖို့၊ ကပျက်ယပျက်လုပ်ဖို့ ပြည်တွင်းမှာရော ပြည်ပမှာပါ အဖျက်သမားအုပ်စုတွေ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ ဒါကို ဒီချုပ်ပါတီအစိုးရအနေနဲ့ အလေးအနက် သတိပြုဖို့လိုပါတယ်။ “အာနန်ကော်မရှင်”က အကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေအတွက် အခြေခံလိုအပ်ချက်ဟာ ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ် ဝန်းကျင်ရှိရေး ဖြစ်ပါတယ်။ ဒါကြောင့် “အာနန်ကော်မရှင်အကြံပြုချက်တွေ”ကို ဆန့်ကျင်ရေးအုပ်စုက ဖန်တီးလုပ်ဆောင်လာ မယ့် ခြိမ်းခြောက် လုပ်ကြံသတ်ဖြတ်မှု အပါအဝင် အန္တရာယ်မျိုးစုံဟာ အချိန်မရွေး ပေါ်ပေါက်ကျရောက်လာနိုင်တဲ့ အလားအ လာ ရှိမြဲရှိနေတယ် ဆိုတဲ့အချက်ကို အမြဲမပြတ် သတိရှိထားဖို့ လိုအပ်ပါတယ်။