စက်တင်ဘာ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆူမွဲ(မဲ့စရင်း)မြို့နယ်အတွင်းရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ယခုလ ၁၂ရက်နေ့တွင် ကလေးငယ် ၃ဦးထံမှ H1N1ရောဂါပိုး ထပ်မံတွေ့ရှိ၍ စခန်းသို့ ဝင်ထွက်သွားလာမှုကို ယခုစက်တင်ဘာလ ၂၇ရက်နေ့အထိ ထပ်မံ ဖြတ်တောက်လိုက်ရသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
ယခင် ဩဂုတ်လ ၂၂ရက်နေ့မှစ၍ ရောဂါပိုးကို စတင်တွေ့ရှိရာမှ ရောဂါပြန့်ပွားမှုမရှိအောင် ဩဂုတ်လ ၂၃ရက်နေ့မှစတင်ကာ စခန်းတွင်းပြင်ပ ဆက်သွယ်သွားလာမှုကို ယာယီဖြတ်တောက်ထားခဲ့ရာမှ စက်တင်ဘာလ ၁၁ရက်နေ့တွင် ပိတ်ထားသည့် ကျောင်းများကို ပြန်လည် စတင်ဖွင့်လှစ်ပေးခဲ့ပြီး နောက်နေ့ ၁၂ရက်ညနေတွင် ကျောင်းသား ၃ဦးထံမှ ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ ခြင်းကြောင့် ယခုလို သွားလာမှုကို ထပ်မံဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု KRC မြောက်ပိုင်းတာဝန်ခံ စောတူးတူးက ပြော သည်။
စောတူးတူးက “တကယ်ဆိုရင် မနက်ဖြန် ၁၄ရက်နေ့ကို စခန်းတာဝန်ရှိသူတွေက လမ်းတွေ ပြန်ဖွင့်ပေးမလို့ပါပဲ။ ဒါပေမဲ့ တနလင်္ာနေ့က ကျောင်းကို ပြန်ဖွင့်လိုက်ပြီး နောက်နေ့ ညနေပိုင်းလောက်မှာပဲ ကလေးသုံးယောက်ဆီကနေ ထပ်တွေ့တော့ လမ်းကို ထပ်ပိတ်လိုက်ရတယ်လို့ စခန်းတာဝန်ရှိသူတွေက ကျနော်တို့ကို အသိပေး အကြောင်းကြားလာတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
စက်တင်ဘာလ ၂ရက်နေ့က KRC ကို ပေးပို့လာသည့် အစီရင်ခံစာအရ အဆိုပါရောဂါကြောင့် မယ်ရာမိုဒုက္ခသည်စခန်းအတွင်း ရှိ အသက် ၆နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီးတစ်ဦး စုစုပေါင်း သေဆုံးခဲ့သူ ၃ဦး အပါ အဝင် ရောဂါပိုးတွေ့ရှိသူပေါင်း ၂၅၀ကျော်ခန့်ရှိသည်ဟုလည်း စောတူးတူးက ပြောသည်။
၎င်း H1N1 တုပ်ကွေးရောဂါသည် မြန်မာပြည်ဘက်ခြမ်းမှ ကူးစက်လာသည်ဟု မယ်ရာမိုစခန်းအတွင်း ကျန်းမာရေးဝန်ဆောင်မှု ပေးနေသည့် Malteser International (MI) အဖွဲ့မှ တာဝန်ရှိသူများက ယူဆထားသည့်အတွက် တုပ်ကွေးရောဂါ ပိုမိုမဖြစ်ပွား အောင် စခန်းတွင်း သန့်ရှင်းရေးလုပ်ခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေသိုလောင်ကန်များတွင် ဆေးခတ်ခြင်း စသည့် ကြိုတင်ကာ ကွယ်မှုမျိုးကို လုပ်ဆောင်မှုများရှိခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
၎င်းအပြင် ရောဂါအား ထိန်းချုပ်နိုင်ရန် ထိုင်းကျန်းမာရေးဌာန အပါအဝင် ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းများမှလည်း အနီးကပ် စောင့်ကြည့်ကုသမှုများ ပြုလုပ်လျက်ရှိသည့်ကြားမှ ယခုလို ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်မဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ်(၂) ဒုက္ခသည်စခန်း ၉ခုအနက် ယခုကဲ့သို့ A H1N1 တုပ်ကွေးရောဂါ တွေ့ရှိမှုမှာ မယ်ရာမိုနှင့် မယ်လစခန်းနှစ်ခုသာ ဖြစ်သည်ဟု ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။