စက်တင်ဘာ ၆ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
နယ်စပ် ကရင်ဒုက္ခသည်စခန်းနှစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ စူမွဲ(မဲ့စရင်း)မြို့နယ်ရှိ မယ်ရာမိုနှင့် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လစခန်းတို့တွင် ဩဂုတ်လ ၂၂ရက်မှ ယနေ့(စက်တင်ဘာ ၆)ရက်အထိ ပြင်းထန်သော အဆုတ် ရောင်ရောဂါ A (H1N1)ရောဂါပိုးတွေ့ရှိသူ ၂၅ဝဦးကျော်ရှိသည့်အနက် ၃ဦးမှာ သေဆုံးခဲ့ကြောင်း ကရင်ဒုက္ခသည်ကော်မတီ (KRC) က ပြောသည်။
အဆိုပါ A(H1N1) ရောဂါပိုးတွေ့ရှိသူ ၂၅ဝဦးကျော်အနက် မယ်ရာမိုဒုက္ခသည်စခန်းတွင် အသက် ခြောက်နှစ်အရွယ် ကလေး ငယ် ၂ဦး သေဆုံးပြီး မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီး ၁ဦး သေဆုံးကြောင်း စက်တင်ဘာလ ၂ရက်နေ့က ပေးပို့လာသည့် အစီရင်ခံစာတွင်တွေ့ရကြောင်း KRC-မြောက်ပိုင်းတာဝန်ခံ စောတူးတူးက စက်တင်ဘာလ ၆ရက်နေ့တွင် ကေအိုင်စီသို့ အတည် ပြု ပြောဆိုသည်။
၎င်းက “မယ်ရာမိုမှာ ဆုံးသွားတဲ့ ကလေးတွေကလည်း ကိုယ်ခံအားနည်းလို့ ဖြစ်ပါတယ်။ ခုချိန်ထိ ရောဂါပိုးတွေ့တဲ့လူ ၂၅ဝ ကျော် ရှိပေမယ့် ရောဂါမပြင်းထန်တဲ့အတွက်ကြောင့် အများစုကတော့ ဆေးသောက်ပြီး အတော်လေး သက်သာကုန်ကြပါပြီ။ စိုးရိမ်စရာ သိပ်မရှိတော့ပါဘူး။”ဟု ပြောသည်။
လတ်တလောတွင် ထိုင်းကျန်းမာရေးဌာန အပါအဝင် ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းများမှလည်း အနီးကပ် စောင့်ကြည့် ကုသမှုများ ပြုလုပ်နေသောကြောင့် ရောဂါများအား ထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိပြီးဖြစ်၍ A(H1N1) ကြောင့် ယာယီ သွားလာမှုပိတ်ထားသည့် မယ်ရာမိုဒုက္ခသည်စခန်းကို လာမည့် စက်တင်ဘာ ၁၁ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် လျာထား ကြောင်း စောတူးတူးက ဆက်ပြောသည်။
မယ်လဒုက္ခသည်စခန်း၏ အတွင်းရေးမှူးချုပ် စောဆမ်းစမ်ကလည်း “ကျနော်တို့စခန်းမှာ ခုထိတော့ ရောဂါ ထပ်ဖြစ်ပွားတာ တစ် ယောက်မှ မရှိသေးပါဘူး။ ကျန်းမာရေးတာဝန်ရှိတဲ့ ဆရာဝန်တို့ ဝန်ထမ်းတို့နဲ့ အမြဲမပြတ် ဆက်သွယ်နေပါတယ်။ အိမ်တစ်အိမ် မှာ ကျန်းမာရေးမကောင်းဘူး၊ ကိုယ်အပူချိန်မြင့်မားနေရင် အချိန်မဆွဲဘဲ ချက်ချင်း ဆေးသွားဖြန်းပေးကြပါတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

A(H1N1) မှာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး ကိုယ်အပူချိန် ၃၈’C အထက်ရှိခြင်း၊ နှာရည် ယို၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း စသည့် လက္ခ ဏာများ တွေ့ရှိနုိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
၎င်းတုပ်ကွေးရောဂါသည် မြန်မာပြည်ဘက်ခြမ်းမှ ကူးစက်လာသည်ဟု စခန်းတာဝန်ရှိသူများက ယူဆထားကြပြီး တုပ်ကွေးရော ဂါ ပိုမိုမဖြစ်ပွားအောင် ကျန်းမာရေးတာဝန်ရှိသူများက စခန်းတွင်း သန့်ရှင်းရေးလုပ်ခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေသိုလှောင် ကန်များတွင် ဆေးခတ်ခြင်း စသည့် ကြိုတင်ကာကွယ်မှုမျိုးကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်မဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီအမှတ် ၁၊ အမှတ် ၂ စသည့် ဒုက္ခသည်စခန်း ၉ခုရှိသည့်အနက် ယခုကဲ့သို့ AH1N1 တုပ်ကွေးရောဂါ တွေ့ရှိမှုမှာ မယ်ရာမိုနှင့် မယ်လ စခန်းနှစ်ခုသာဖြစ်သည်ဟု ထိုဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။
ထို့အတူ ကရင်ပြည်နယ်တွင်လည်း A(H1N1) ရောဂါ သံသယရှိသူ ၁၂ဦးနှင့် A(H1N1) ရောဂါ အတည်ပြုလူနာ ၂ဦးရှိကြောင်း လည်း ကရင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ယခင်လ ဩဂုတ်လ ၁၅ရက်နေ့က အတည် ပြု ပြောဆိုခဲ့သေးသည်။



















