Home သတင်း Hurricane Harvey မုန်တိုင်း‌ဘေးဒဏ်ခံရသည့် ရာနှင့်ချီ‌သော ကရင်လူမျိုးများ ‌နေအိမ်သို့ မပြန်နိုင်‌သေး

Hurricane Harvey မုန်တိုင်း‌ဘေးဒဏ်ခံရသည့် ရာနှင့်ချီ‌သော ကရင်လူမျိုးများ ‌နေအိမ်သို့ မပြန်နိုင်‌သေး

2147

ဩဂုတ် ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ယခုလ ၂၅ ရက်‌နေ့ညက အ‌မေရိကန်နိုင်ငံ၊ တက္ကဆက်စ်(Texas)ပြည်နယ်ထဲတွင် Hurricane Harvey မုန်တိုင်းဝင် ‌ရောက်တိုက်ခတ်ခဲ့မှု‌ကြောင့် အ‌မေရိကန်နိုင်ငံ‌ရောက် ရာနှင့်ချီသည့် ကရင်လူမျိုးများမှာ နီးစပ်ရာမြို့များသို့ ‌ပြောင်း‌ရွှေ့ ခိုလှုံ ခဲ့ရပြီး ယ‌နေ့(ဩဂုတ်လ ၂၉ ရက်) အထိ ‌ရေကြီး‌ရေလျှံမှု‌ကြောင့် ၎င်းတို့‌နေအိမ်သို့ မပြန်နိုင်‌သေး‌ကြောင်း အ‌မေရိကန် ‌ရောက် ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။

တက္ကဆက်စ်ပြည်နယ်သို့ အဆိုပါ မုန်တိုင်းဝင်‌ရောက် တိုက်ခိုက်မှု‌ကြောင့် မုန်တိုင်းဒဏ် အဓိကခံရသည့် တက္ကဆက်စ် ပြည်နယ်အတွင်းရှိ Houston မြို့နှင့် Port Lavaca ကမ်းရိုးတန်းမြို့တွင် ‌နေထိုင်‌နေကြသည့် ကရင်လူမျိုးများမှာ Austin မြို့၊ San Antonio မြို့နှင့် အခြားနီးစပ်ရာမြို့များသို့ ‌ပြောင်း‌ရွှေ့ ခိုလှုံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အ‌ခြေအ‌နေနှင့်ပတ်သက်၍ San Antonio မြို့ရှိ အ‌မေရိကန်‌ရောက် ကရင်အ‌ရေးကူညီ‌ဆောင်ရွက်‌ပေး‌နေသူ ‌စောဒီ့က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “ဒီမုန်တိုင်း‌ကြောင့် အခု San Antonio မှာ အိမ်‌ထောင်စု ၁၆ စုနဲ့ Austin မြို့ မှာတစ်ချို့၊ Dallas မြို့မှာတချို့ စုစု‌ပေါင်း သုံးရာနီးပါး‌လောက်ရှိမယ်။ အခု Port Lavaca နဲ့ Houston မှာ မိုးရွာပြီး‌ရေကြီး‌နေ‌သေးသလို အစိုးရကလည်း ဒီမုန်တိုင်း က စိတ်မချရ‌သေးဘူးလို့လည်း အချိန်နဲ့တစ်‌ပြေးညီ သတင်းထုတ်ပြန်‌နေတာ‌ကြောင့် အခုအချိန်ထိက ကျ‌နော်တို့ အဝိုင်း အဝန်းထဲမှာ ရှိ‌နေတုန်းပဲဖြစ်ပါတယ်” ဟု ‌ပြောသည်။

မုန်တိုင်းဒဏ်ခံကြရသည့် ကရင်လူမျိုး ‌ရေ‌ဘေးဒုက္ခသည်များအ‌နေဖြင့် လတ်တ‌လော အစားအ‌သောက်နှင့် အဝတ်အစား များ အ‌ရေး‌ပေါ်လိုအပ်ချက်များကို အစိုးရနှင့် ကရင်လူမှုအသိုင်းအဝိုင်းများမှ အကူအညီ‌ပေးမှုအချို့ရှိ‌နေ‌သော်လည်း ‌နေအိမ်‌ရေလွှမ်းခံရသည့် ‌ရေ‌ဘေးဒုက္ခသည်များအ‌နေဖြင့် ရာသီဥတုအ‌ခြေအ‌နေ‌ကောင်း၍ ၎င်း‌နေအိမ်သို့ ပြန်ရလျှင် ‌နေရာထိုင်ခင်းအတွက် အဓိက အခက်အခဲဖြစ်‌စေနိုင်သည်ဟု ‌စောဒီ့က ဆက်‌ပြောသည်။

Port Lavaca ကမ်းရိုးတန်းမြို့မှ San Antonio သို့ ‌ပြောင်း‌ရွှေ့လာရသူ ‌စောခရစ္စတယ်ဘဲက “မုန်တိုင်းမဖြစ်ခင် ကတည်းက ကျ‌နော်တို့က ‌ပြောင်း‌ရွှေ့လိုက်တဲ့အတွက် မုန်တိုင်းဒဏ်မခံလိုက်ရဘူး။ ဘယ်အချိန်ပြန်ရမလဲ ဆိုတာ‌တော့ အ‌သေအချာ မ သိရ‌သေးပါဘူး။ အခု ကျ‌နော်တို့ ‌နေခဲ့တဲ့‌နေရာမှာ မီးမရှိ၊ ‌ရေမရှိ၊ ပြန်ဖို့ကား ဆီလည်းမရှိဘူး။ တကယ်လို့ ‌ရေ၊ မီး၊ ကားဆီရှိပြီး ပြန်လို့ရပြီးလို့ တာဝန်ရှိသူ‌တွေက ‌ကြေညာမှ ကျ‌နော်တို့ပြန်မယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ Hurricane Harvey မုန်တိုင်းသည် တက္ကဆက်စ်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်‌ရောက်ခဲ့ပြီး‌နောက် အပူပိုင်းမုန်တိုင်း အဖြစ် ‌ပြောင်းလဲသွား‌သော်လည်း မုန်တိုင်းအရှိန်‌ကြောင့် မိုးဆက်လက် ရွာသွန်းမှုများရှိ‌နေပြီး စံချိန် တင်မြစ်‌ရေချိန်တက်မှု ဖြစ်‌ပေါ် လျှက်ရှိရာ ‌ရေကြီးမှုဒဏ်‌ကြောင့် ‌နေအိမ်အတွင်း‌သောင်တင်‌နေကြသူ နှစ်‌ထောင်‌ကျော်ခန့် ကို ကယ်တင်ခဲ့ရ‌ကြောင်း၊ ‌နောက်ထပ်ရာနှင့်ချီသည့် ‌ရေ‌ဘေးဒုက္ခသည်များကို အမြန်ဆုံး ကယ်ဆယ်နိုင်ရန် ကြိုးစား ‌ဆောင်ရွက်‌နေ‌ကြောင်းဟု Houston မြို့ရဲတပ်ဖွဲ့မှ ယမန်‌နေ့က သတင်းစာရှင်းပွဲပြုလုပ်၍ ‌ပြောကြားခဲ့သည်။

ထို့အပြင် မြစ်‌ရေချိန်မြင့်တက်လာမှု‌ကြောင့် ယမန်‌နေ့က Houston မြို့နားရှိ Barker နှင့် Addicks ‌ရေကာတာနှစ်ခုကို ဖြည်းဖြည်းချင်းဖွင့်ချကာ ‌ရေများကို ‌ဖောက်ချခဲ့ရပြီး မုန်တိုင်းဒဏ်‌ကြောင့် Texas ပြည်နယ်ထဲတွင် ‌နောက်ထပ်မိုးရွာ သွန်းမှု၊ မြစ်‌ရေချိန်မြင့်တက်မှုနှင့် ‌ရေကြီးမှု‌တွေ ဆက်ရှိ‌နေလိမ့်မည်ဟု ပြည်နယ်တာဝန်ရှိသူများက သတိ‌ပေးထားပြီး မုန်တိုင်းစဲသွား‌သော်လည်း အန္တရာယ်မလွတ်‌သေး‌ကြောင်း အမိ‌မြေလုံခြုံ‌ရေး ယာယီဝန်ကြီး Elaine Duke က သတိ‌ပေး ထားသည်။

အဆိုပါ မုန်တိုင်း‌ကြောင့် Texas ပြည်နယ်ထဲတွင် စုစု‌ပေါင်း လူဦး‌ရေ သိန်းနှင့်ချီ၍ လွတ်‌မြောက်ရာသို့ ‌ရွှေ့‌ပြောင်းခိုလှုံခဲ့ရပြီး ‌သေဆုံးသူ ၈ ဦး ထက်မနည်းရှိ‌နေကာ ကူညီကယ်ဆယ်မှုကို ဆက်လက်လုပ်‌ဆောင်‌နေရဆဲဖြစ်သည်ဟု ပြည်နယ်အာဏာပိုင်များ၏ ‌ပြောဆိုချက်ကို ‌ဒေသတွင်း သတင်းမီဒီယာများမှ ‌ဖော်ပြထားသည်။

အ‌မေရိကန် ပြည်‌ထောင်စု၊ တက္ကဆက်စ် ပြည်နယ်တွင် ကရင်လူမျိုး စုစု‌ပေါင်း ၂ဝ,ဝဝဝ ( ၂ ‌သောင်း) ဝန်းကျင်ခန့် သွား ‌ရောက်အ‌ခြေချ ‌နေထိုင်လျက်ရှိပြီး ယခု မုန်တိုင်းဒဏ် ခံ‌နေရသည့် Houston မြို့နှင့် Port Lavaca ကမ်းရိုးတန်းမြို့တို့ တွင် ကရင်လူမျိုး စုစု‌ပေါင်း ၃ဝဝ ‌ကျော်‌နေထိုင်လျက်ရှိသည်ဟု တက္ကဆက်စ် ပြည်နယ်ရှိ ကရင်လူမှုအသိုင်းအဝိုင်း ထံမှ သိရသည်။