ဇူလိုင် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များနှင့် ဒေသခံ ပြည်သူလူထုတို့ ပိုမိုအချိတ်အဆက်ရရှိစေရန် ရည်ရွယ်ပြီး ပြည် နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေး အဖွဲ့ (MCERP)က ပြုစုထုတ်ဝေသည့် ကရင်ပြည်နယ် လွှတ်တော် မိတ်ဆက်စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက်နေ့တွင် ဖားအံမြို့ အမှတ် ၉ ရပ်ကွက်ရှိ ပအိုဝ်း ဓမ္မရုံ၌ ပြုလုပ်ခဲ့သည်။
ပြည်နယ်လွှတ်တော် မိတ်ဆက် စာအုပ် ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ MCERP ဒါရိုက်တာ ဦးသိန်းနိုင်က “ကျနော်တို့က အားပေးကူညီရေးအဖွဲ့ဆိုတော့ လွှတ်တော်ဥပဒေပြုရေးကဏ္ဍနဲ့ ပတ်သက်ပြီး လွှတ်တော်တွေပေါ်တာ မကြာသေးပါဘူး။ အာဏာရှင် စနစ်အောက်မှာနေခဲ့ရတာ။ အထူးသဖြင့် ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေမှာ အခုမှစပြီးလုပ်ရတာ အခက်အခဲစိန်ခေါ်မှုတွေတော့ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အုတ်တစ်ချပ်သဲတစ်ပွင့် ကူညီနေတာဖြစ်တယ်” ဟု မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောသည်။
ကရင်ပြည်နယ် လွှတ်တော် မိတ်ဆက် စာအုပ်တွင် ကရင်ပြည်နယ်လွှတ်တော်ဖွဲ့စည်းပုံ၊ လွှတ်တော်ကိုယ်စား လှယ် စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ၊ ကရင်ပြည်နယ် လွှတ်တော် ဆိုင်ရာကော်မတီများနှင့် ပြည်နယ် အစိုးရ အဖွဲ့ အမည်စာရင်း စသည့် ကဏ္ဍများ အသီးသီး ပါဝင်သည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ နန်းသူဇာဝင်း အပါအဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့သည်။
ပြည်နယ်လွှတ်တော် ဒုဥက္ကဌ နန်းသူဇာဝင်းက “ဥပဒေရေးဆွဲ ရေးနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းနှစ် နှစ်ပိုင်းကာလမှာ ဥပဒေပေါင်း ၉ ခုပြဌာန်း ရေးဆွဲနိုင်ခဲ့တယ်။ ပထမ လွှတ်တော်သက်တမ်းမှာ တုန်းက ၂၅ ခု ရေးဆွဲထားပြီးဖြစ်တယ်။ အခုလာမယ့် ပဉ်စမ ပုံမှန်အစည်းအဝေးမှာ မြေယာဥပဒေကို မူကြမ်းအဖြစ် အဆိုပြု တင်သွင်းပြီးတော့ မနက်ဖြန်ကျရင် ဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်နေပါ တယ်။ ဒါက အခု လက်ရှိဆောင်ရွက်နေတဲ့အပိုင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာတွင် လွှတ်တော် ကိုယ်စားလှယ် ဟောင်းများ နိုင်ငံရေး အကျဉ်းသားဟောင်းများမှ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့အနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းစွာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားကောင်းသန်မာလာရေးအတွက် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း အဖွဲ့တာဝန်ရှိသူများ ထံမှ သိရသည်။