Home သတင်း အဖမ်းခံရသည့် အလုပ်သမား ၁၀ဝ ‌ကျော် ပြန်လည်လွတ်‌မြောက်ဟု ကူညီ‌ဆောင်ရွက်သူများက ဆို

အဖမ်းခံရသည့် အလုပ်သမား ၁၀ဝ ‌ကျော် ပြန်လည်လွတ်‌မြောက်ဟု ကူညီ‌ဆောင်ရွက်သူများက ဆို

1989

ဇွန် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်‌ဒေသအတွင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်‌နေ့က တာ့ခ်ခရိုင်အထူးရဲပူး‌ပေါင်းအဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရသည့် အ‌ထောက်အထားမဲ့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂၀ဝ နီးပါးအနက်မှ ယ‌နေ့ (ဇွန်လ ၁၃ ရက်‌နေ့)အထိ အလုပ်သမား ၁၀ဝ ‌ကျော် ပြန်လည်လွတ်‌မြောက်လာပြီးဟု ယင်းအလုပ်သမားများအ‌ရေးကို ‌ဆောင်ရွက်‌နေ သူများက ‌ပြောသည်။

၎င်းအဖမ်းဆီးခံခဲ့ရသည့် အ‌ထောက်အထားမဲ့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား၂၀ဝ နီးပါးခန့်သည် ထိုင်းလူဝင်မှုကြီးကြပ် ‌ရေး(လဝက) အက်ဥပ‌ဒေ(BE-2522)ဖြင့် ‌ထောင်ဒဏ်ပြစ်ဒဏ်အသီးသီးကျခံရပြီး‌နောက် ဇွန်လ ၈ ရက်‌နေ့မှစ၍ ပြန်လည် စတင်လွတ်‌မြောက်‌ပေးခဲ့‌ကြောင်း ထိုင်းတာဝန်ရှိသူများဘက်မှ အတည်ပြု‌ပြောဆိုသည်ဟု မြန်မာပြည်သားများ အ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA ) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီ‌နေ့ မဲ‌ဆောက်‌ဒေသအလုပ်သမားသံအရာရှိ ဦး‌အောင်ကိုသန်းနဲ့ ကျ‌နော်တို့‌တွေ တာ့ခ်ခရိုင်လဝက ဌာန ဒုတိယ ညွှန်ကြား‌ရေးမှူး လဝကရဲဒုတိယဗိုလ်မှူးကြီး သီရာဆပ်တို့နဲ့ အဖမ်းဆီးခံအလုပ်သမား အ‌ရေးနဲ့ ပတ်သက်ပြီး ‌တွေ့ဆုံ ‌ဆွေး‌နွေးကြတဲ့အခါ အဖမ်းခံရတဲ့ အလုပ်သမား၂၀ဝ နီးပါးထဲက ဇွန်လ ၈ ရက်‌နေ့က ၂၃ ‌ယောက်၊ ဇွန်လ ၉ရက်‌နေ့က ၅၉ ‌ယောက်၊ ဇွန်လ ၁၃ရက် ဒီ‌နေ့က ၄၆ ‌ယောက် အသီးသီးပြန်လည်လွတ်‌မြောက်ကြပြီးဖြစ်တဲ့အ‌ကြောင်း လဝက ရဲဒုတိယ ဗိုလ်မှူးကြီးသီရာဆပ်နဲ့ လဝကရဲဗိုလ်မှူးဝီချိုင်းတို့က ကျ‌နော်တို့ကို အတည်ပြု‌ပြောကြားခဲ့တယ်”ဟု ‌ပြောသည်။

အဆိုပါ အလုပ်သမားများကို တရားမဝင်အလုပ်သမားနှင့် က‌လေးအလုပ်သမားပ‌ပျောက်‌ရေး အထူးစီမံချက်ဖြင့် ယခုလ ၁ ရက်‌နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တာ့ခ်မြို့ရှိ၊ က‌လေးပြုပြင် ထိန်းသိမ်း‌ရေးစခန်း၌ မြန်မာက‌လေးအလုပ်သမား ၁၆ ဦးကို ထိန်းသိမ်းထားပြီး က‌လေးအလုပ်သမားခိုင်း‌စေမှုကို အ‌ရေးယူနိုင်ရန်အတွက် လိုအပ်သည့် စစ်ချက်များရယူရန် ‌ခေါ်ယူထိန်းသိမ်းထားဆဲဖြစ်ပြီး အဆိုပါ က‌လေးအလုပ်သမားများကိုလည်း မြန်မာအလုပ်သမာသံအရာရှိမှ ဇွန်လ ၁၅ ရက်‌နေ့တွင် သွား‌ရောက်‌တွေ့ဆုံရန်စီစဉ်ထားသည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

စီမံချက်ဖြင့် အဖမ်းဆီးခံရသည့် ထိုအလုပ်သမားများကို ၁၂ ရက်တာ ဖမ်းဆီးထိန်းသိမ်းထားပြီး‌နောက် ပြန်လည် လွတ်‌မြောက်‌ပေးခြင်းဖြစ်ပြီး အချို့အလုပ်သမားများမှာ ဖမ်းဆီးချိန်တွင် တရားမဝင် ‌လောင်းကစား သက်‌သေခံပစ္စည်းများ၊ မူးယစ်‌သောက်စားမှုများ‌ကြောင့် ပြန်လည်လွတ်‌မြောက်‌ပေးခြင်းမရှိ‌သေးဘဲ ၁၂ ရက်တာ ထိန်းသိမ်းထားမှု မတိုင်ခင် ကနဦးပြန်လည်လွတ်‌မြောက်လာသည့် အလုပ်သမားများမှာ အလုပ်ရှင်များ၏ အာမခံချက်ဖြင့် ပြန်လည် လွတ်‌မြောက် လာခြင်းဖြစ်သည်ဟုလည်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူများက ဆိုသည်။

‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့တာဝန်ခံ ကိုမိုး‌ကျော်က “ကျ‌နော်တို့ ကြားမိတာ ပထမအသုတ်မှာတုန်းက ၃၇ ‌ယောက်‌လောက် ပြန်လွတ်လာတာရှိတယ်။ အဲ့ထဲက အချို့အလုပ်သမား‌တွေဆို Work Permit (အလုပ်လုပ်ခွင့်) ပြန် ‌လျှောက်တာရှိတယ်။ ပြန်လွတ်လာတဲ့ အလုပ်သမား‌တွေကို‌မေးကြည့်‌တော့ သူ‌ဌေးက‌နေပြီး‌တော့ အာမခံပြီး‌တော့ ပြန် ထုတ်တယ်လို့ ‌ပြောတယ်။ ဒီ‌နေ့မှာဆိုလို့ရှိရင်လည်း အ‌ပေါ်(ဘန်‌ကောက်)က‌ကော ဒီကဖမ်းထားတဲ့ အလုပ်သမား‌တွေကို လဝကရုံးမှာ NGO၊ CBO အဖွဲ့အစည်း‌တွေနဲ့‌ပေး‌တွေ့တာမျိုးရှိတယ်။ အဲ့ဒီက အလုပ်သမား ၁၀၀‌ကျော်‌လောက်ကို Trafficking Network က‌နေပြီး‌တော့ လူကုန်ကူးမှုတိုက်ဖျက်‌ရေး ပညာ‌ပေးတာမျိုးလုပ်‌ပေးပြီး‌တော့ သူတို့ကို ပြန်လွတ် ‌ပေးဖို့ရှိတယ်လို့ ကြားတယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖမ်းဆီးမှုဖြစ်စဉ်များ‌ကြောင့် မဲ‌ဆောက်‌ဒေသရှိ စက်ရုံ၊ အလုပ်ရုံများကို ပိတ်သိမ်းထားရသည့် အ‌ခြေအ‌နေများနှင့် ရာနှင့်ချီ‌သော တရားမဝင်အလုပ်သမားများမှာ မြဝတီဘက်ခြမ်းနှင့် နီးစပ်ရာ‌ဆွေမျိုးသားချင်း အိမ်များ၊ ဘုန်းကြီး ‌ကျောင်းများ၊ လယ်ကွင်းပြင်များနှင့် ‌တောစပ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည့် အ‌ခြေအ‌နေ အထိဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ် ၉ မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း ‌လေးသိန်း‌ကျော်ရှိသည့်အနက် မဲ‌ဆောက်မြို့နယ်တစ်ခုတည်းတွင် နှစ်သိန်း‌ကျော်ရှိပြီး စိုက်ပျိုး‌ရေး၊ ‌ဆောက်လုပ်‌ရေး၊ ‌မွေးမြူ‌ရေး၊ ကျဘမ်းနှင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟု အလုပ်သမားအ‌ရေးလှုပ်ရှား‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။