ဦးဝါရိန္ဒ (တောင်ကလေးကျောက်တောင် ကမ်းပါးရှိ သီတာအေးလှိုင်ဂူ ကျောင်းထိုင်ဆရာတော်)
ကျောက်မိုင်းဖောက်တာကတော့ ကျောက်တောင်ရဲ့ အရှေ့ဘက်ခြမ်းကော၊ အနောက်ဘက်ခြမ်းကောပါပဲ။ အရင်ကဆို မိုင်းဖောက်တဲ့အချိန် မရေးထားဘူး။ ဖောက်ချင်တဲ့ အချိန် ဖောက်တာပါ။ တခါခါဆို နံနက် ဆယ်နာရီမှာ ဖောက်တယ်။ နေ့လည် ဆယ့်နှစ်နာရီလည်း ဖောက်တယ်။ ညနေဘက်ဆို လေးနာရီ၊ ငါးနာရီ၊ တခါခါ ခြောက်နာရီအထိ ဖောက်ပါတယ်။ တခါတခါ ဖောက်ရင်လည်း မိုင်း ၁၅ လုံးအထိ ရှိပါတယ်။ တပြိုင်တည်း နှစ်လုံးဖောက်တာလည်း ရှိတယ်။ ဖောက်တာကတော့ ကြီးတဲ့အခါ ရှိသလို ငယ်တဲ့အခါလည်း ရှိတာပေါ့။
ဒီလို မိုင်းဖောက်တာကတော့ အရင် ဘုန်းကြီးသိထားတာက အရှေဘက်ခြမ်းက ဦးခင်မောင်ကျော်၊ အနောက်ဘက်ခြမ်းကတော့ ဦးလူခင်ပေါ့။ အနောက်ဘက်ခြမ်း ဖောက်တာက ဒီကျောက်တောင်ရဲ့ တောင်ဖြတ်လမ်းပေါ့။ သူတို့ အဲဒီကနေ ဒီတောင်ကို ခါးပြတ်အောင် ပြတ်လိုက်ပြီး ကျောင်းနဲ့ တဖြည်းဖြည်း ဝေးတဲ့နေရာ ဆက်ဖောက်မှာရင် ကျောင်းကို လာပြီး ထိခိုက်ပျက်စီးတာ မရှိတော့ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ဘုန်းကြီးတို့က မလိုလား။ ဘာဖြစ်လဲဆိုရင် တောင်တုန်ခါမှုတွေ ဖြစ်ပြီး စိုးရိမ်မှုကလည်း ဆက်ရှိနေဦးမှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးတဲ့အတွက် ဖြစ်ပါတယ်။ မိုင်းကြီးလည်း ခွဲတာ မလိုလားဘူး။ မိုင်းသေး ခွဲတာလည်း မလိုလားဘူး။ ရပ်စဲတာပဲ ဖြစ်ချင်တယ်။
နောက်တစ်ခုက ဒီဘုန်းကြီးကျောင်းက ဘုန်းကြီးတို့ စတင်တည်ထောင်ခဲ့တာ လွန်ခဲ့တဲ့ မြန်မာသက္ကရာဇ် ၁၃၅၂ (ခရစ်နှစ် ၁၉၉၀)ခုနှစ် ဖြစ်ပါတယ်။ တည်ထောင်ပြီး သုံး၊ လေးနှစ်မှာပဲ ဒီကျောက်ထုတ်လုပ်ငန်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်နှစ်ကျော်လာပြီ။ ကျောက်မိုင်း ဖောက်တာက ၂၀၁၄ လောက်ကစပြီး ပိုပြင်းထန်လာတယ်။ သူတို့ မိုင်းဖောက်တာ ကျောင်းကို ကျောက်ခဲလာထိတယ်။ ကျောင်းထိတဲ့အတွက် ၂၀၁၅ လောက်မှာ လုပ်ငန်းရှင်တွေကို ဘုန်းကြီးက မေတ္တာရပ်ခံခဲ့ဖူးတယ်။ ဒကာကြီးတို့ အခုအချိန် ဝါဆိုလ ရောက်ပြီ။ ဘုရားကျောင်းကန် လာကြရမယ့်သူ ရှိတယ်။ ဥပုသ်လည်း ယူကြရမှာ ရှိတယ်။ ကျောက်ထိမှန်လို့ ပျက်စီးခဲ့ရတဲ့ ကျောင်းခေါင်မိုးကို ပြင်ပေးပါ။ သူတို့က မပြင်ပေးဘူး။ နောက်ပြီး သူတို့ ထပ်ပြောပါတယ်။ ခေါင်မိုး မပြင်ပေးနိုင်ရင် မိုင်းခွဲတာ အရှိန်လျော့ပေးပါ။ မဟုတ်ရင် လွှင့်စင်တဲ့ကျောက်တွေ အဆောက်အဦးတွေကို ထိမှန်ပျက်စီးဦးမယ်။ သူတို့က လျော့လို့ မရဘူးတဲ့။ လျော့ရင် ကျောက်သိပ်မထွက်ဘူးတဲ့။ ကောင်းပြီ ဒါဆိုရင် ဆက်ဖောက်ပေါ့။ ကျောင်းကိုတော့ လာမထိစေနဲ့။ ဆက်ဖောက်တော့လည်း ကျောင်းလာထိတာပါပဲ။
အဲလို ကျောက်ထိမှန်လို့ ကထိန်ပွဲ နီးလာချိန်မှာ ဘုန်းကြီးက သူတို့ကို တခါထပ်ပြောလို့ သွပ်ပြားပို့လာတာ ရှိတယ်။ အဲဒီ သွပ်ပြား အဲလိုပဲ ပုံထားပြီး ကျောက်ထိမှန်လို့ ပျက်စီးတာပါပဲ။ တပို့တွဲလ ဘုရားပွဲရောက်ခါနီးလောက်မှ ကျောင်းခေါင်မိုးလာပြင်ပေးတယ်။ ပြင်ပြီး ရေစက်ချပွဲလုပ်တာပေါ့။ သိပ်မကြာခင်မှာပဲ အဲဒီ ပြန်မိုးထားတဲ့ သွပ်ပြားဟာ ကျောက်ခဲမှန်ပြီး ပျက်စီးတာပါပဲ။ အခုထိပါပဲ။ လောလောဆယ် ဘုန်းကြီးတို့က မီးဘေးမှာ နေရသလို ဖြစ်တဲ့အတွက် ပိုပြီးတော့ ပူနေမှာပဲ ဖြစ်ပါတယ်။ ဒီကျောက်မိုင်း အန္တရာယ်နဲ့ ဝေးတဲ့နေရာမှာ နေတဲ့ သူတွေကလည်း ကိုယ့်လို မခံစားရပေမယ့် ကိုယ်ချင်းစာစေချင်ပါတယ်လို့ မိန့်ကြားချင်ပါတယ်။
နော်ပါပဲ (တောင်ကုန်းကျေးရွာ ကျောင်းကော်မတီဝင်)
ကျောက်တောင်ကို မိုင်းဖောက်တဲ့အခါ အရမ်းပြင်းထန်တဲ့အလုံးဆိုရင် ဖုံတွေ မိုးပေါ်တက်ပြီး ပြန်ကျလာတဲ့ အမှုန်အမွှားတွေ ရွာထဲကို ကျလာတယ်။ အထူးသဖြင့် မိဘတွေက သူတို့ ကလေးအပေါ် အတော်ကို စိုးရိမ်ကြပါတယ်။ ဒီအမှုန်အမွှားတွေကို ကျမတို့ ရှူနေကြရပါတယ်။ ကလေးတွေအတွက်ဆို ပိုပြီး စိုးရိမ်ရပါတယ်။ ဒီအပေါ် ရွာသားတွေက မလိုလားကြဘူး။ ပိတ်နိုင်ဖို့ လိုလားကြတယ်ပေါ့။ မပိတ်နိုင်ရင် အကျိုးဆက်တွေ ဆက်ဖြစ်ပေါ်ဦးမှာပဲ ဖြစ်ပါတယ်။
မိုင်းဖောက်ခွဲတာ ပြီးရင် ကျောက်ထုတာကလည်း ရှိပါတယ်။ ကျောက်ထုသံတွေ ကျမတို့ကို ဆက်လက်နှိပ်စက်နေပါတယ်။ ကျောက်ထုလို့ ထွက်လာတဲ့ အသံတွေဟာ ကျမတို့ ခေါင်းကို ကိုက်စေပါတယ်။ ရပ်သွားတဲ့ အချိန်မှပဲ စိတ်အေးရတယ်။ ကျောက်ထုတဲ့အသံဟာ ထုတဲ့အချိန်ဆိုရင် ဒီလို တစ်ယောက်နဲ့တစ်ယောက် စကားပြောတာတောင် မကြားရဘူး။ ကျယ်ကျယ်ပြောမှ ကြားတယ်။ ကျမတို့ ဒီကိစ္စ ကန့်ကွက်မှု လုပ်တာတဲ့နောက်ပိုင်း အသံက နည်းနည်းတော့ တိုးလာတာပေါ့။
ဒါကြောင့် ပိတ်ဖို့ပဲ ကျမ လိုလားတယ်။ ဘာဖြစ်လဲဆိုရင် ကျမတို့ ရွာအပြင် ကျောက်ထုတ်လုပ်ငန်းနဲ့ နီးပြီး တောင်ကမ်းပါးမှာ ရှိတဲ့ ဘုန်းကြီးကျောင်းအတွက်လည်း ပျက်စီးမှာကိုလည်း စိုးရိမ်လို့ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီကျောက်တောင်ကို လုပ်ငန်းလုပ်ခွင့်ပြုဖို့ အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးဖို့ လာပြောပေမယ့် အခုထိ ကျမတို့ ရွာသားတွေ လက်မှတ်မထိုးပေးနိုင်ပါဘူး။ ကျမတို့ကို သဘောတူဖို့ လက်မှတ်ထိုးခိုင်းတာ သုံးကြိမ်လောက် ရှိပြီ။ ကျမတို့က ပြန်တုန့်ပြန်တာက ရွာသားတွေ လက်မှတ်ထိုးပေးဖို့ဆိုရင် နင်တို့ဘက်ကလည်း လက်မှတ်ထိုးဖို့ ကျမတို့ မြင်ချင်တယ်။ အဲလို ပြန်ပြောရင် သူတို့(လုပ်ငန်းရှင်)ဘက်က ဆက်မပြောတော့ဘူး။ ဒါကြောင့် များများစားစားတော့ မပြောတတ်ဘူး။ ပိတ်ဖို့ပဲ အထူးပြောချင်ပါတယ်။
စောဇာလီ (တောင်ကုန်းကျေးရွာ ရပ်မိရပ်ဖ)
တောင်ကလေးကျောက်တောင် ကျောက်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတွေ အမျိုးမျိုး ဖြစ်ခဲ့ရပါတယ်။ ၂၀၁၆ လောက်ကစပြီး ဒီကျောက်လုပ်ငန်းကို ရပ်စဲပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိထံကို ကျနော်တို့ စတင်ခဲ့ဖူးပြီ။ အဲဒီ စာတင်လို့ သက်ဆိုင်ရာ အစိုးရာဌာနကနေ ကျနော်တို့ ရွာကို လာပြီး စစ်ဆေးမှုတွေ လုပ်တယ်။ ဒါပေမယ့် မိုင်းဖောက်တဲ့ အသံက တိုးမသွားပါဘူး။ အဲလိုနဲ့ ၂၀၁၆၊ ဇွန်လ ၂၁ ရက်နေ့မှာ ကျနော်တို့ သက်ဆိုင်ရာ အစိုးရဌာနထံ စာထပ်တင်တယ်။ အဲဒီနောက် ဇွန် ၂၉ ရက်နေ့မှာ အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့က ကွင်းဆင်းပြီး ကျောင်တောင်ကို လာကြည့်တယ်။ တဖန် ဇူလိုင်လ ၇ရက်နေ့မှာပဲ စိမ်းလန်းစိုပြေရေး သဘာဝပတ်ဝန်းကျင်ရုံးမှာ သွားပြီး ကျနော်တို့ ထွက်ဆိုမှု လုပ်ခဲ့တယ်။ ဒါလည်း ကျောက်မိုင်းက ဆက်ဖောက်နေတာပါပဲ။ အခြေအနေက ထင်တာထက် မထူးလာတဲ့အတွက် ဒီဟာကို ရပ်စဲဖို့ ကျနော်တို့ ကြိုးစားလာတာ အခုထိပဲလို့ ပြောရမှာပေါ့။
ဒီကျောက်ထုတ်လုပ်ငန်းမှာ တောင်ခြေမှာ လယ်ယာတွေ၊ ကိုင်းတွေ ရှိတယ်။ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှု ရှိတယ်။ ဆုံးရှုံးမှုဆိုတဲ့ အဆင့်ကတော့ လုံးဝ ပြန်ပြင်လို့ မရတဲ့ အခြေအနေပေါ့။ ထိခိုက်နစ်နာ အဆင့်ကတော့ ပြန်ပြုပြင်ရင် စိုက်ပျိုးလို့ ရတဲ့ အနေအထားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတောင်ရဲ့ ပတ်ပတ်လည်ကို ကြည့်ရင် ထိခိုက်နစ်နာ၊ ဆုံးရှုံးခဲ့ရတဲ့ မြေယာက ဧကပေါင်း ၃ဝ ခန့်လောက် ရှိပါတယ်။ ဒါက မြေယာတွေကို ပြောတာပေါ့။ နောက်တစ်ခုက တောင်ဆိုတာက ကုန်ပြီဆိုရင် ပကတိအတိုင်း ပြန်ဖြစ်လာဖို့ မရှိတော့ဘူး။ ဒါကြောင့် ကျနော်ရဲ့ ဆန္ဒကတော့ ဒီကျောက်လုပ်ငန်းဟာ ရပ်တန့်သင့်ပြီ။ ဘာဖြစ်လဲဆိုရင် ဒီကျောက်တောင်ဟာ ကျနော်တို့နဲ့ အနီးဆုံး ရှိတာပါ။ ကျောက်ဆိုတာက ရေတွေကို စုပ်ယူတယ်။ တကယ်လို့ ဒီတောင် မရှိတော့ဘူးဆိုရင် ရေခန်းခြောက်မှု ပြဿနာနဲ့လည်း ကျနော်တို့ ရင်ဆိုင်ရနိုင်ပါတယ်။
နော်မိသားအေး (တောင်ကုန်းကျေးရွာ ဒေသခံအမျိုးသမီး)
ကျောက်တာင်နဲ့ ကျမတို့ရွာဟာ ၂ ဖာလုံသာသာပဲ ဝေးပါတယ်။ ဒါပေမယ့် (လုပ်ငန်းရှင်တွေ) တင်ထားတာ ၄ ဖာလုံရှိတယ်လို့ သက်ဆိုင်ရာရုံးကို ကျမတို့ သွားတဲ့အခါ အဲလိုရှင်းပြတာ ကျမတို့ သိရတယ်။ အခုက ကြီးကြီးပဲ မိုင်းတွေ ဖောက်တယ်။ ပြောတာက လက်လုပ်လက်စားပဲ။ တကယ့်လက်တွေ့မှာက အကြီးစားလို့တောင် ပြောလို့ ရပါတယ်။ မိုင်းဖောက်တာ အရှိန်ဘယ်လောက်ပြင်းလဲဆိုရင် ကျမတို့ရွာအထိ ကျောက်အပိုင်းအစတွေ လွှင့်စင်လာတယ်။ တစ်ခုက ကျမတို့အိမ်က ကျောက်တောင်နဲ့ အရမ်းနီးတဲ့ နေရာမှာ ရှိတယ်။ မိုင်းအရှိန်ကြောင့် တုန်ခါမှုဟာ ဘုရားစင်ပေါ်မှာ ရှိတဲ့ ပန်းအိုးတောင် လဲကျပါတယ်။
ဒီကျောက်လုပ်ငန်း လာလုပ်တာလည်း နှစ်တွေ ကြာလာပါပြီ။ ကျမ အပျိုပေါက်အရွယ်ကစလို့ပေါ့။ အရင်က အခြေအနေက သိပ်မသိသာဘူး။ အခုက ဆိုးရွားလာတဲ့အတွက် ကျမတို့က မဖြစ်မနေ ပြောရတာ ဖြစ်ပါတယ်။ ကျမတို့ မကန့်ကွက်သေးတဲ့အချိန်ကဆိုရင် ကျောက်မိုင်းခွဲတော့မယ်ဆိုရင် ကလေးတွေက လန့်လို့ မိဘတွေက အနားမှာ နေပေးရတဲ့ အထိဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်လည်း မိုင်းခွဲချိန် တိတိကျကျ သတ်မှတ်ထားတာလည်း မရှိဘူးလေ။ ဒီလို ကြုံတွေ့ရတဲ့အချိန်မှာ ကျမတို့ ရွာသားတွေဟာ အရမ်းကို စည်းလုံးညီညွှတ်မှု ရှိခဲ့ကြပါတယ်။
ဒါပေမယ့် ကန့်ကွက်မှုတွေ စတင်လုပ်ဆောင်လာတဲ့ အချိန်ကစပြီး ကုမ္ပဏီတွေက ဘာပြောလဲ မသိဘူး။ ကျမတို့ ရွာသားအချို့ စိတ်ဝမ်းကွဲမှုတွေ ရှိလာတာကို တွေ့မြင်နေရပါတယ်။ ဒါကို ကျမအတွက် ခံပြင်းမှု ဖြစ်တာက အရင်က ကျမတို့ အရမ်းကို စည်းလုံးခဲ့ကြတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ ရပ်ရေးရွာရေးအတွက်ဆို တက်တက်ကြွကြွ လုပ်ကြတယ်။ တံတားပြင်၊ ရွာလမ်းပြင်တာက အစ ဝိုင်းလုပ်ကြတယ်။ ကန့်ကွက်မှု မလုပ်တုန်းက ကုမ္ပဏီကဆိုရင် ရွာလမ်းအတွက် ကျောက်ခင်းဖို့ တစ်ကားစာတောင် ပေးဖူးတာ မဟုတ်ပါဘူး။ ရွာသားကိုယ်တိုင်တွေပဲ အားစိုက်ထုတ်ပြီး ကားငှား၊ ကျောက်တွေ ကိုယ်တို့ ဝိုင်းသယ်ခဲ့ကြရပါတယ်။ ဒီကိစ္စကြောင့် ကျမတို့ အချင်းချင်း စိတ်ဝမ်းကွဲရတယ်။ တကယ်လို့ အားလုံးက သဘောတူကြောင်း လက်မှတ်ထိုးပေးလိုက်ရင် ရှေ့လာမယ့် အကျိုးဆက်အတွက် ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဘယ်သူကမှ ကျမတို့ မမြင်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မှန်ကန်တဲ့ ဘက်ကို ရပ်တည်ပြီး ကိုယ့်ဘက်က ရှုံးသည့်တိုင် နာမည်ကတော့ မပျက်စေဖို့ လိုုတယ်လို့ပဲ ပြောချင်ပါတယ်။